မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်ရှိ တောပုကျေးရွာကို ယမန်နေ့ (ဧပြီ ၈ ရက်)၊ နံနက် ၈ နာရီခန့်တွင် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး လူငယ်တစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း မန္တလေးခရိုင်၊ အမှတ် ၆ တပ်ရင်း(NDA – MDY) မှ တာဝန်ရှိသူတစ်ဦးက MPA သို့ ပြောသည်။
“ ပထမက တိုက်ပွဲမရှိဘဲ ရှို့တာ၊ တောပုရွာက အိမ်ခြေ ၁၀၀၀ ကျော်ရှိတာပါ၊ အရှို့ခံရတာက အိမ်ခြေ ၄၀၀ ကျော်ပါ၊ ရွာရဲ့ သုံးပုံ တစ်ပုံ မီးထဲပါသွားတာပါ” ဟု မန္တလေးခရိုင်၊ အမှတ် ၆ တပ်ရင်း(NDA – MDY) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တောပုရွာအား စစ်ကောင်စီက မီးရှို့ဖျက်ဆီးနေစဥ်အတွင်း မွန်းလွဲ ၁နာရီခန့်တွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီစစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကာ၊ စစ်ကောင်စီတပ်က ပြည်သူအချို့ကို ဓားစားခံအဖြစ် ကျေးရွာ စာသင်ကျောင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
“ စစ်ကြောင်းက တပ်မ ၉၉ က၊ တိုက်ပွဲဖြစ်ပြီးတဲ့နောက် ပြည်သူတွေ ဓားစာခံအဖြစ် ဖမ်းတာပါ၊ အခုကတော့ တချို့တစ်ဝက် ပြန်လွတ်လာကြပြီ၊ အဖမ်းခံရသူ အရေအတွက်က မသိရသေးဘူး၊ အသတ်ခံရသူက အသက် ၁၈ နှစ်အရွယ် ယောင်္ကျားလေးပါ၊ စာသင်ကျောင်းနားမှာဘဲ သတ်သွားတာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။
ယခုရက်ပိုင်းတွင် မြင်းခြံမြို့နယ်အတွင်းရှိ ရသာ၊ ဖက်ရင်းနှင့် တူးရွင်းဘို့ကျေးရွာများကို စစ်ကောင်စီနှင့်ပျူစောထီးပူးပေါင်းတပ်ဖွဲ့များက မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်လျက်ရှိပြီး၊ ဒေသခံများအနေဖြင့် ဘေးလွတ်ရာ နေရာများသို့ ထွက်ပြေး တိမ်းရှောင်လျက်ရှိကြောင်း သိရသည်။
“ မြင်းခြံမြို့ပေါ်မှာလည်း အစစ်အဆေးကြမ်းတယ်။ ခန္ဓာကိုယ်ပေါ်ကအစ စစ်တာ၊ စစ်ကောင်စီတပ် အင်အားကောင်းတာက မြင်းခြံမြို့ပေါ်မှာဘဲ ရှိတော့တာလေ၊ မြင်းခြံ – တောင်သာနဲ့ မြင်းခြံ – နွားထိုးကြီး လမ်းပိုင်းမှာလည်း PDF တွေပဲ ရှိနေတာ၊ ဒီမနက်လည်း ပြင်စည်ရွာဘက်မှာ တိုက်ပွဲဖြစ်တယ်လို့ကြားတယ်” ဟု မြင်းခြံမြို့ခံ အမျိုးသားတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ဧပြီ ၈ ရက်တွင် စစ်ကောင်စီတပ်က မြင်းခြံမြို့နယ်ရှိ ရသာကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၂၆၀ ကျော် ပျက်စီးခဲ့ပြီး၊ ဒေသခံပြည်သူ သုံးဦးကိုလည်း သတ်ဖြတ်ခဲ့သေးသည်။