ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့တွင် စစ်တပ်နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ တစ်ပတ် ဆက်တိုက်တိုက်ပွဲ ပြင်းထန်နေကြောင်း သိရသည်။
ဧပြီ ၃ရက်မှယနေ့(ဧပြီ၉ရက်)အထိ မိုးဗြဲမြို့တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်နေပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုရော လက်နက်ကြီးဖြင့် ပစ်ခတ်မှုပါ ပြုလုပ်နေကြောင်း မိုးဗြဲမြို့နေပြည်သူတစ်ဦးက ပြောသည်။
“ ဧပြီ ၃ရက်နေ့က မိုးဗြဲ ကွက်သစ်ရပ်ကွက်ကို စစ်တပ်ကလေကြောင်းနဲ့ ဗုံးကြဲသွားတယ်။ဒီနေ့နေ့လည် ၃နာရီကျော်ကလည်း ၄၂၂တပ်နားကို လေယာဉ်နဲ့ ဗုံးလာကြဲသေးတယ်။မိုးဗြဲPDFက ကလေးတွေကျကြတယ်လို့ ကြားတယ်” ဟု ၎င်းက ပြောသည်။
ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက မိုးဗြဲအခြေစိုက် ခမရ ၄၂၂တပ်ရင်းကို သိမ်းပိုက်ရန် တိုက်ခိုက်နေစဉ် စစ်တပ်က လေယာဉ်ဖြင့် ဗုံးလာကြဲခြင်းဖြစ်ကြောင်း ကရင်နီ လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး ( KNPLF ) နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ ဧပြီ ၃ရက်နေ့ကစပြီး မိုးဗြဲက ခမရ – ၄၂၂ကို ဝင်သိမ်းနေကြတာ။စခန်းတော့ ဒီနေ့အထိ မရသေးဘူးကြားတယ်။စခန်းသိမ်းနေလို့ စစ်တပ်ဘက်က လေကြောင်းလာတာပါ။လွိုင်ကော် ၅၄တပ်ရင်းကနေ လက်နက်ကြီးပစ်ကူရော၊စစ်ကူနဲ့ ရိက္ခာ ပို့ပေးနေတယ်။ဒီနေ့နေ့လည်၃နာရီ၁၅က လေယာဥ်နဲ့ဗုံးကြဲသွားတယ်။လက်နက်ကြီးလည်းပစ်နေတယ်။အရေအတွက်တိတိကျကျတော့ မသိရသေးဘူး” ဟု ၎င်းက ပြောသည်။
ယနေ့ မိုးဗြဲတိုက်ပွဲအခြေအနေနှင့် ပတ်သက်ပြီး မြေပြင်ရှိ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)မှ ရဲဘော်တစ်ဦးအား မေးမြန်းရာ မိုးဗြဲမြို့တွင်း၌ ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေပြီး တိုက်ပွဲပြင်းထန်နေကြောင်း ပြောသည်။
“ ဒီနေ့နေ့လယ်က လေယာဉ်နဲ့လာပစ်တယ်။တိုက်ပွဲနေရာကိုပေါ့။မိုးဗြဲ PDFဘက်က ရဲဘော်တစ်ဦး ဒီနေ့နေ့လယ်ကကျတယ်။ဒါပဲသိရသေးတယ်။အကျအဆုံးက နှစ်ဘက်စလုံးရှိတဲ့အတွက် တိုက်ပွဲပြီးမှပဲ သေချာသိရမှာပါ” ဟု ၎င်းက ပြောသည်။
တိုက်ပွဲများပြန်လည်ဖြစ်ပွားနေသဖြင့် မိုးဗြဲမြို့နေ ပြည်သူ ၁၀၀ကျော်တို့သည် ထိုင်းနိုင်ငံ၊မယ်ဟောင်ဇာမြို့ ဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး မြို့တွင်းနေထိုင်သူ မရှိတော့ကြောင်း ကရင်နီစစ်ဘေးရှောင်ကူညီထောက်ပံ့ရေးအသင်းထံက သိရသည်။