မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်တွင် အပူချိန်မြင့်တက်မှုကြောင့် အမျိုးသမီးတစ်ဦး လဲကျသေဆုံးခဲ့ကြောင်း မဏီစလလူမှုကူညီရေးအသင်းထံမှ သိရသည်။
ယနေ့(ဧပြီ ၉ရက်)၊ နံနက် ၉နာရီခွဲအချိန်တွင် ၂၈လမ်းနှင့်၂၉လမ်း၊ ၈၅ လမ်းနှင့် ၈၆ လမ်းရှိ ဈေးချိုတော်တွင် ဈေးဝယ်နေသည့် အမျိုးသမီးတစ်ဦး မူးလဲကျသွားပြီးနောက် သေဆုံးခဲ့ကြောင်း ကူညီပို့ဆောင်ပေးခဲ့သည့် မဏီစလလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
” အမျိုးသမီးတစ်ယောက် မူးလဲတယ်ဆိုပြီး ကျတော်တို့ကို ဖုန်းဆက် အကြောင်းကြားလို့ သွားကူညီပေးခဲ့တာပါ၊ ကျတော်တို့မှာ ဆေးအိတ်ပါသွားတယ်။ အဲဒီအမျိုးသမီးကို အပူချိန်တိုင်းကြည့်တော့ အပူချိန်တွေ တက်နေတာကို တွေ့ရတယ်။ လမ်းမှာတင် ဆုံးသွားပါတယ် “ ဟု ၎င်းက ပြောသည်။
သေဆုံးသူ အမျိုးသမီးသည် မန္တလေးမြို့၊ စျေးချိုတော် အနောက်ခြမ်း၊ ချမ်းသာရ ဘုရားဘက်တွင် နေထိုင်သူဖြစ်ပြီး သွေးတိုးရောဂါ အခံရှိကာ ရာသီဥတု ပူပြင်းမှုကြောင့် ထိုကဲ့သို့ လဲကျ သေဆုံးခြင်းဖြစ်သွားကြောင်း မိသားစုနဲ့ နီးစပ်သူများထံမှ သိရသည်။
ထိုကဲ့သို့ အပူရှိန်မြင့်တက်နေခြင်းများကြောင့် မူးဝေသတိလစ်မှုများ ယခုရက်ပိုင်းအတွင်း မန္တလေးမြို့တွင်မကြာခဏဖြစ်ပွားလျက်ရှိနေပြီး ဖြစ်ပွားသူအများစုသည် အမျိုးသမီးများဖြစ်ကြောင်း မန္တလေးမြို့ခံ ပရဟိတအသင်းများထံမှ သိရသည်။
” ရာသီဥတုက အတော်ပူနေတဲ့အပြင် မီးကပျက်တော့ ပိုဆိုးတာပေါ့၊ လာတဲ့အချိန်ကလည်း ပုံမှန်မရှိဘူး၊ ဘယ်လိုမှ နေလို့မရဘူး။ ချွေးတွေဆို ရေချိုးထားတဲ့အတိုင်း စိုရွှဲနေတာပဲ၊ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ ဈေးသည်တွေ ကုန်တင်ကုန်ချ အလုပ်သမားတွေဆို ပိုဆိုးတာပေါ့ ” ဟု ချမ်းမြသာစည်မြို့နယ်မှ ပြည်သူတစ်ဦးက ပြောသည်။
မန္တလေးမြို့တွင် ယမန်နေ့(ဧပြီ ၈ရက်)နှင့် ယနေ့(ဧပြီ ၉ရက်)တို့တွင် နေ့အပူချိန်သည် ၄၂ဒီဂရီစင်တီဂရိတ်အထိရှိနေပြီး နေ့အပူချိန်များ မြင့်တက်လျက်ရှိနေခြင်းဖြစ်သည်။