တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်ရှိ လ၀ကရုံး၌ တပ်စွဲထားသော စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ ၅ဦးသေဆုံးပြီး ၃ဦးဒဏ်ရာရရှိခဲ့ကြောင်း လောင်းလုံမြို့နယ် ပကဖ က ယနေ့ (ဧပြီ ၉ရက်) တွင် ထုတ်ပြန်ထားသည်။
ယမန်နေ့ (ဧပြီ ၈ရက်)၊ နေ့လယ် ၁၂နာရီခန့်က လောင်းလုံမြို့ပေါ် လ၀ကရုံးတွင် ဘန်ကာများဖြင့် အခိုင်အမာတပ်စွဲထား သော စစ်ကောင်စီတပ်ကို အနီးကပ် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု လောင်းလုံမြို့နယ် ပကဖ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးကပြောသည်။
“ ဘန်ကာထဲမှာ ဆယ်ယောက်လောက်ပဲရှိတာ၊ တိုက်ပွဲက မိနစ် ၄၀လောက်ကြာတယ်။ အနီးကပ်ဝင်ပစ်တာ၊ စစ်တပ်ဘက်က စစ်ကူတော့မလာဘူး။ ငါးယောက်က မျက်မြင်သေတာ အတည်ပြုရတယ်” ဟု ၎င်းက ပြောသည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
လောင်းလုံမြို့နယ်၊ လ၀ကရုံး၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်များသည် ဒေသခံပြည်သူများကို အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးငွေတောင်းခံမှုများ မကြာခဏပြုလုပ်လေ့ရှိကြောင်း လောင်းလုံမြို့နယ်၊ ဒေသခံတစ်ဦးကပြောသည်။
“ အဲ့ဒီမှာ တပ်စွဲထားတာ တစ်နှစ်ကျော်ပြီ၊ လမ်းသွားလမ်းလာတွေကို သူတို့(စစ်ကောင်စီတပ်) စိတ်မထင်တာနဲ့ ဖမ်းပြီးတော့ငွေညှစ်တော့တာ” ဟု ၎င်းက ပြောသည်။
အထက်ပါတိုက်ခိုက်မှုကို လောင်းလုံ-ပကဖ(လိပ်ပြာတပ်စု)၊ လောင်းလုံ-ပကဖ(ကင်းမြီးကောက်ပြောက်ကျားတပ်စု)၊ဓူဝံကြယ်တပ်ဖွဲ့၊ Modern Punk၊ Student Revolutionary Forceတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ယခုနှစ်၊ မတ်လအတွင်း လောင်းလုံမြို့နယ် ပကဖက စစ်ဆင်ရေး လေးခုဆင်နွှဲခဲ့ရာ စစ်သား ၁၆ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။