ပြီးခဲ့သည့် မတ်လအတွင်းစစ်ကောင်စီတပ်၏ လေကြောင်း နှင့်လက်နက်ကြီးပစ်ခတ်မှုကြောင့် မီးလောင်ပျက်စီးခဲ့ရသည့် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ဓမ္မသကျေးရွာတွင် ဧပြီလ ၈ ရက်၊ ညနေပိုင်းက မီးထပ်မံလောင်ကျွမ်းခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
ဓမ္မသကျေးရွာကို ယမန်နေ့ ညနေပိုင်းတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနောက် မီးလောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
“ ရွာနားမှာက တိုက်ပွဲတွေဖြစ်နေတာ ၊ဘယ်လောက်ထပ်ပြီးပါသွားတယ်ဆိုတာတော့သေချာမသိရဘူး” ဟု ဓမ္မသကျေးရွာအပါအဝင် အနီးဝန်းကျင်ရွာများရှိ စစ်ဘေးရှောင်များအား ကူညီပေးနေသည့်သံဃာတစ်ပါးကမိန့်သည်။
မီးထပ်မံလောင်ကျွမ်းမှုအတွင်း အိမ်ခြေမည်မျှထပ်မံပျက်စီးခဲ့သည်ကို MPA သတင်းဌာနအနေဖြင့် ဆက်လက်စုံစမ်းဆဲဖြစ်သည်။
ထို့အတူ ယနေ့၊ နံနက်ပိုင်းတွင်လည်းကျိုက်မရောမြို့နယ်အတွင်းရှိတရနာ ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ကလေကြောင်းအသုံးပြုပစ်ခတ်ခဲ့သဖြင့် ကျေးရွာအနီးရှိနေအိမ်အချို့လည်းပျက်စီးခဲ့ကြောင်းသိရသည်။
“ တိုက်နယ်ဆေးရုံနားမှာကျတာ၊ ဗမာစုဖက်ပေါ့၊ ဘယ်လောက်လောင်နေတယ်ဆိုတာတော့တိတိကျကျမသိဘူး။ ငြှိမ်းတော့ငြှိမ်းနေကြတယ်” ဟု တရနာ ဒေသခံတစ်ဦးကဆိုသည်။
ပြီးခဲ့သည့် မတ်လ ၂၄ ရက်ကလည်း ကော့ဘိန်းနယ်မြေရဲစခန်းကို ဒေသခံတော်လှန်ရေးတပ်များ သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်၏ လေကြောင်းနှင့်လက်နက်ကြီးပစ်ခတ်မှုများကြောင့် ကျေးရွာ ၅ ရွာမှ ဒေသခံထောင်ချီတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာနှင့်ဆေးဝါးအကူအညီများလိုအပ်နေသည်။