ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ဘဏ်များအားလုံး ယနေ့၊ နေ့လယ်ပိုင်းမှ စတင်ကာ ယာယီပိတ်ထားလိုက်ပြီဖြစ်ကြောင်း ဘဏ်အသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှ သိရသည်။
ဘဏ်များပိတ်သည့်အကြောင်းအရင်းအတိအကျကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး ဘဏ်ဝန်ထမ်းအချို့က လက်ရှိဖြစ်ပေါ်နေသည့် မြဝတီမြို့အနီးရှိ စစ်ရေးအခြေအနေများကြောင့်ဖြစ်ကြောင်း ပြောဆိုနေကြသည်။
“နေ့လယ် ၁၁ နာရီ ဝန်းကျင်က အားလုံးပြန်ဖို့ပြောတယ်၊ ဘာကြောင့်ပိတ်လဲဆိုတာအတိအကျမပြောဘဲ နိုင်ငံရေးကြောင့်လို့ပဲပြောတာ၊ ဝန်ထမ်းတွေကို ထူးရင်အကြောင်းပြန်မယ် အခုတော့ယာယီပိတ်တယ်ဆိုပြီးပဲပြောတာ၊ ကျန်တာကတော့ မန်နေဂျာနဲ့ အကြီးအကဲတွေ ဘယ်လိုစီစဉ်မလဲမသိဘူး။ ကျွန်မတို့လည်း ဘာမှသေချာရေရာမသိဘဲ ပြန်ဆိုတော့ ပြန်လာခဲ့လိုက်တာ”ဟု မြဝတီမြို့ရှိ KBZ (ကမ္ဘောဇ)ဘဏ်ဝန်ထမ်းတစ်ဦး က ရှင်းပြသည်။
ငွေလွှဲ၊ ငွေထုတ်လုပ်ငန်းများ ယာယီရပ်ဆိုင်းသွားခြင်းကြောင့် ဘဏ်တွင်ငွေအပ်ထားသူများမှာ ဆုံးရှုံးမှုများ ဖြစ်မည်ကို စိုးရိမ်ပူပန်နေကြကြောင်း ဒေသခံပြည်သူအချို့၏ ပြောပြချက်အရ သိရသည်။
“ပြောင်းဖို့၊ ရွှေ့ဖို့လောက်ပဲ အာရုံကရနေတာ၊ ဘဏ်တွေ ချက်ချင်းကြီး အဲ့ဒီလိုပိတ်မယ်မထင်ဘူးလေ၊ ယာယီလို့တော့ပြောတာပဲ၊ သူတို့ ပြန်ကြေညာပေးမယ်ပေါ့၊ ဒီလောက်ပဲသိခဲ့ရတာ ကျန်တာဘာမှမသိဘူး။ စိတ်တော့ပူတယ် ထုတ်မရတော့မှာကို”ဟု မြဝတီမြို့၊ အမှတ် ၄ ရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ဆိုသည်။
မြဝတီမြို့ကို စစ်ကောင်စီက လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်မည်ကို မြို့ခံပြည်သူများစိုးရိမ်နေကြပြီး ထိုင်းနိုင်ငံ၊ နယ်စပ်မြို့ဖြစ်သည့် မဲဆောက်မြို့သို့ ထွက်ပြေးတိမ်းရှောင်သူအများအပြားလည်းရှိနေကြောင်း သိရသည်။
“ပြီးခဲ့တဲ့ရက်က စခန်းသိမ်းတိုက်ပွဲတွေဆိုတော့၊ သူတို့(စစ်ကောင်စီ)လေယာဉ်နဲ့ လာမှပဲစိုးတာ၊ တခြားဒေသမှာလည်း အဲ့ဒီလိုတွေလုပ်တဲ့ သာဓကရှိပြီးသားဆိုတော့ ရှောင်ကြပြေးကြတာပေါ့၊ အန်တီတို့မိသာစုကတော့ မရှောင်သေးဘူး၊ ဗုံးခိုကျင်းလုပ်ထားမလားဆိုပြီး အတွေးတော့ရှိတယ်” ဟု မြဝတီမြို့၊ အမှတ် ၅ ရပ်ကွက်တွင် နေထိုင်သည့် အသက် ၅၀ ကျော်အရွယ်အမျိုးသမီးတစ်ဦးကလည်း ဆက်လက်ပြောသည်။
KNLA ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မြဝတီမြို့၊ သင်္ကန်းညီနောင်ရှိစစ်ကောင်စီ ခမရ ၃၅၅၊ ၃၅၆၊ ၃၅၇ တပ်ရင်းတို့ကို စတင်တိုက်ခိုက်ခဲ့ပြီး လက်ရှိအချိန်တွင် စစ်ကောင်စီ ခမရ ၃၅၅၊ သင်္ကန်းညီနောင် ရဲစခန်း၊ ခမရ ၃၅၆၊ သင်္ဃန်းညီနောင်စစ်ဗျူဟာအခြေချစခန်းနှင့် ခမရ ၃၅၇ တို့ကို သိမ်းပိုက်ထားသည်။