ကရင်နီပြည်နယ် စစ်ရှောင်စခန်းများတွင် ရေလိုအပ်ချက် မြင့်မားနေ ကြောင်း Freelance Volunteer Myanmar ထံက သိရသည်။
ဒီးမော့ဆို၊ ဖရူဆိုနှင့် လွိုင်ကော်မြို့တို့တွင် ယခင်ရက်များကအပူချိန် 30°F အထိ ရှိခဲ့ပြီး ယနေ့ (ဧပြီ ၉ရက်)တွင် အပူချိန် 38°F အထိရှိကာ အပူပြင်းထန်လာသည်နှင့် အမျှ စစ်ရှောင်စခန်းများ၌ ရေလည်း အရေးတကြီးလိုအပ်လာကြောင်း သိရသည်။
“ လက်ရှိ စစ်ရှောင်တွေအနေနဲ့က တောင်ပေါ်ဒေသလည်းဖြစ်တယ်။ တောင်ပေါ်ကိုမှ ကျောက်ဆောင်တွေနဲ့ ရေတူးလို့မရတဲ့ အခက်အခဲတွေ ရှိပါတယ်။ ရေတွင်း၊ရေကန်၊ရေထွက်ပေါက်၊အဝီစိတွင်းတွေလည်း တူးဖို့ ခက်ခဲပါတယ်။ နေရာတချို့မှာ ရနိုင်ပြီး တချို့နေရာတွေက လုံးဝမရပါဘူး။ အခုလို အပူလှိုင်းဖြတ်တဲ့အချိန်ဆို နေအရမ်းပူပြီး ရေတွေ အရေးတကြီးလိုအပ်နေတာပါ” ဟု Freelance Volunteer Myanmar ၏ ပြန်ကြားရေးတာဝန်ခံ မလင်းက MPA သို့ပြောသည်။
စစ်ရှောင်ပြည်သူတို့သည် မိုးကာပတ်လည်ကာထားသော တဲများတွင် နေထိုင်ကြရပြီး ရေလှောင်ကန်များကိုလည်း မိုးကာဖြင့် သာ ပြုလုပ်ထားရသောကြောင့် မိုးကာများစွာလည်း လိုအပ်နေကြောင်း ၎င်းက ပြောသည်။
ကရင်နီဒေသအတွင်း ရေရှားပါးမှုသည် တစ်နှစ်တာကာလပတ်လုံးဖြစ်ပြီး နွေရာသီရောက်လျှင် ပိုမိုရှားပါးကာ အဝီစိတွင်းတူး၍ရသည့် နေရာလည်း မရှိသလောက် ရှားပါးကြောင်း နွေရာသီတွင် တောင်ကျရေလည်း ခမ်းခြောက်လာခြင်းကြောင့် မခမ်းသေးသည့် ရေကန်အနည်းငယ်ကိုသာ မှီခိုနေကြရကြောင်း သိရသည်။
“ ကျနော်တို့က လုပ်အားတွေ ကူညီမယ်။ တခြား ငွေကြေးတတ်နိုင်တဲ့သူတွေက ငွေကြေး၊ ပညာတွေ ကူညီပေးကြပါ။ အလှူရှင်တွေကလာတဲ့ ပိုက်ဆံတွေနဲ့ပဲ လည်ပတ်ကူညီပေးနေရတာပါ” ဟု ရေပေးဝေရေး လုပ်ငန်းများဆောင်ရွက်နေသူတစ်ဦးက ဆိုသည်။
စစ်ရှောင်စခန်းများ၏ တစ်ဝက်ခန့်ကို CDM Fire Department အဖွဲ့က မီးသတ်ကားများနှင့် ရေပို့ဆောင်ပေးနေပြီး တချို့သော နေရာများတွင် စက်သုံးဆီထည့်ကာ ရေစုပ်ယူပေးနေကြောင်း သိရသည်။
လွိုင်ကော်တိုက်ပွဲများအတွင်း သိမ်းဆည်းရမိသော မီးသတ်ကားများကို စစ်ရှောင်များ အတွက် ရေသယ်ယူပို့ဆောင်ရာတွင် ပြန်လည်အသုံးပြုနေကြောင်း သိရသည်။
ကရင်နီပြည်နယ်တွင် စစ်ရှောင်စခန်း ၁၀၀ကျော်ရှိကြောင်း Clean Yangon ထံက သိရသည်။