တနင်္သာရီတိုင်း၊ ပလမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ကင်းပုန်းဝပ်နေသည့် PDF ကပစ်ခတ်ခဲ့ရာ စစ်သား ၁၀ဦးခန့် ဒဏ်ရာရသွားကြောင်း သိရသည်။
ယနေ့ (ဧပြီ၉ရက်)နံနက် ၆နာရီခန့်တွင် ပလမြို့၊ဇာဒီရပ်၊ ဝါးကျောင်း(ဘုန်းကြီးကျောင်း)အနီးသို့ ခြေလျင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ယင်းနေရာအနီး ကင်းပုန်းဝပ်နေသည့် ပုလောPDFတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပုလောPDF(မြိတ်ခရိုင်တပ်ရင်း-၁) ထံက သိရသည်။
“ မနက်က စစ်တပ်ဘက်က တပ်သား ၂၈ဦးနဲ့ ပလမြို့က ဝါးကျောင်းနားကို ဖြတ်တာ။ကျွန်တော်တို့ ကင်းပုန်းဝပ်ချိန်နဲ့တိုးတော့ ဝိုင်းပစ်ကြတာ။PDFဘက်က လက်ဦးပါတယ်။သူတို့ဘက်က ၁၀ယောက်လောက်ထိပြီးပြန်ဆုတ်သွားတယ်။အခုတော့ အဲ့နေရာကို ကျွန်တော်တို့ပဲ ထိန်းထားပါတယ်” ဟု ပုလောPDF၏ ပြန်ကြားတာဝန်ခံ ရဲဘော် အာနိုးက ပြောသည်။
ထိတွေ့တိုက်ပွဲအတွင်း ပုလောPDFတပ်ဖွဲ့ဝင်တစ်ဦး နှင့် ပြည်သူတစ်ဦးတို့ လက်နက်ကြီးစထိမှန်ပြီး ဆေးကုသမှုခံယူနေ ကြောင်း ပုလောPDF၊ ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ PDFရဲဘော်တစ်ဦးက စစ်ကောင်စီတပ်ဆုတ်တဲ့အချိန်လိုက်ရင်း ပလရဲစခန်းက ပစ်တဲ့လက်နက်ကြီးထိတာပါ။နောက်ပြည်သူကကျတော့ တိုက်ပွဲအနီးဖြတ်ရင်း လက်နက်ကြီးထိတာ။လောလောဆယ်တော့ အသက် ၃၀ကျော်အရွယ်ပြည်သူက အခြေအနေမကောင်းဘူး။သွေးပေါင်လုံးဝမတက်လာတော့ ခွဲခန်းဝင်မရသေးဘူး။PDFရဲဘော်ကတော့ ဆေးကုသမှုခံယူနေပါပြီ” ဟု ၎င်းက ပြောသည်။
ယင်းတိုက်ပွဲမှာ ၁နာရီခန့် ကြာပြီး လက်နက်ကြီးသံလည်း ကြားခဲ့ရကြောင်း ပလမြို့ခံတစ်ဦးက ပြောသည်။
“ အခုတော့ ငြိမ်သွားပါပြီ။ကားတွေလည်း ဖြတ်နေကြပြီ” ဟု ၎င်းကယနေ့၊နေ့ခင်းပိုင်းတွင် ပြောသည်။
စစ်ကောင်စီတပ်က တပ်ဆုတ်သွားပြီးနောက် ပုလောPDFတပ်ဖွဲ့ဝင်များက ဝါးကျောင်းအနီးတွင် ကင်းပုန်းလုံခြုံရေး ဆက်ယူထားကြောင်း သိရသည်။
စစ်သားများဒဏ်ရာရသည့်အပေါ် MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။