ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ၂ လကျော်အတွင်း စစ်ဘေးရှောင်ပြည်သူ ၇၀၀၀၀ ဝန်းကျင်ရှိလာကြောင်း ပအိုဝ်းလူငယ်အစည်းအရုံးထံမှသိရသည်။
အထက်ပါ စာရင်းများမှာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်မှ ဧပြီ ၆ ရက်အထိဖြစ်ပြီး ၎င်းတို့မှာ ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်း၊ ညောင်ရွှေ စသည့်ဒေသများတွင် ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် ဒေသခံများဘေးလွတ်ရာသို့တိမ်းရှောင်နေရခြင်းဖြစ်သည်။
“စစ်ဘေးရှောင်ဦးရေက တစ်ပတ်နဲ့ တစ်ပတ် မတူညီဘူး၊ အတက်အကျရှိတယ်။ မြေပြင်တိုက်ပွဲ အပေါ် မူတည်နေသလို၊ မြေပြင်တိုက်ပွဲမရှိပေမယ့် စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်မှုအပေါ်မူတည်ပြီး စစ်ရှောင်ဦးရေက အတက်အကျရှိတယ်။ ဒေသတစ်ခုနဲ့တစ်ခု အခြေအနေလည်း မတူနေဘူး”ဟု ပအိုဝ်း လူငယ်အစည်းအရုံး၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၄ ရက်မှ ၃၀ ရက်အထိ စစ်ဘေးရှောင်ဒေသခံအများစုသည် နေရပ်တွင်ပြန်လည်နေထိုင်ကြသော်လည်း ယခုတစ်ပတ်အတွင်း မြေပြင်တိုက်ပွဲများပြန်လည်ဖြစ်ပွားလာခြင်းကြောင့် ပြန်လည်စစ်ဘေးရှောင်ကြသူများလည်းရှိကြောင်း ပအိုဝ်းလူငယ်အစည်းအရုံးထံမှ သိရသည်။
“ဆီဆိုင်မြို့နယ်မှာဆိုရင် ဒီတစ်ပတ်တော့ တော်တော်များများ ပြန်ရှောင်ကြရတယ်။ ဘုန်းကြီးကျောင်း၊ ပရဟိတကျောင်း၊ နီးစပ်ရာကျေးရွာ၊ ဆွေးမျိုးအိမ်တွေ ပြီးတော့စစ်ရှောင်ဦးရေအများစုက မိမိခြံထဲ၊ တောထဲ ရေရှိတဲ့အရပ်တွေကို ဦးတည်ရှောင်ကြပါတယ်”ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသူတစ်ဦးကရှင်းပြသည်။
စစ်ဘေးရှောင်နေရသည့်ကာလကြာမြင့်လာသည်နှင့်အမျှ စားနပ်ရိက္ခာ (အခြေခံ စားသောက်ကုန်များ)၊ ရေရှားပါးမှုပြဿနာ၊ တကိုယ်ရေးသုံးပစ္စည်းများ၊ အဝတ်အထည်များ အဓိကလိုအပ်နေကြပြီး တောထဲ၊ ခြံထဲ၌ စစ်ရှောင်နေရသူများအတွက် ဆေးဝါးများအထူးလိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီစောင့်ရှောက်ပေးနေသူများထံမှ သိရသည်။
ပြီးခဲ့သည့် ဧပြီ ၂ ရက်ကလည်း ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်တောင်ဘက်ခြမ်းရှိ ညောင်လေးပင်ရွာနှင့် ရေပူကျေးရွာများသို့ စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်နေသောကြောင့် ဒေသခံပြည်သူ ၈၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ကြရသည်။