ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ကွင်းဒလကျေးရွာတွင် ဧပြီ ၈ ရက်၊ နံနက် ၆ နာရီခွဲအချိန်က စစ်ကောင်စီထောင်ထားသော နင်းမိုင်းကြောင့် ရန်ကုန်မှလာသည့် အမျိုးသားတစ်ဦးသေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။
ကွင်းဒလကျေးရွာ၊ သီရီမင်္ဂလာအင်းဝိုင်းဘုန်းကြီးကျောင်းအနီးတွင် လွန်ခဲ့သည့်သုံးလခန့်က စစ်ကောင်စီ ထောင်ထားသောနင်းမိုင်းကြောင့် အသက် ၄၂ နှစ်အရွယ်ကိုကျော်မိုးသည် မြေမြှုပ်မိုင်းနင်းမိ၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကွင်းဒလကျေးရွာတွင်နေထိုင်သည့် အမျိုးသားတစ်ဦးက ပြောသည်။
“ သူက(ကိုကျော်မိုး) ရန်ကုန်ကနေ သူ့မိန်းမရှိတဲ့ ကျွန်းစုရွာကိုလာတာ၊ စကစအဖွဲ့တွေက ရေကြည်ချောင်းဘုန်းကြီးကျောင်းမှာ မသင်္ကာလို့ တစ်ညလုံး ရိုက်နှက်စစ်ဆေးသေးတယ်၊ မနက်မှပြန်လွှတ်ပေးတာ၊ အဲ့ဒီလမ်းတွေမှာ မိုင်းရှိမှန်းဒေသခံတွေသိတယ်၊ သူကလူစိမ်းဆိုတော့မသိလို့ ခုလိုဖြစ်သွားတာ” ဟု ၎င်းကရှင်းပြသည်။
မိုင်းနင်းမိခဲ့သည့် အမျိုးသားသည် ခြေထောက်တစ်ဖက်နှင့် လက်တစ်ဖက်ပြတ်သွားသဖြင့် ဆေးကုသမှုခံယူနေခဲ့သော်လည်း ယနေ့၊ ညနေ ၃ နာရီဝန်းကျင်တွင် ရရှိထားသည့် ဒဏ်ရာများဖြင့်သေဆုံးသွားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ မေလ ၁၀ ရက်ကလည်း ပေါင်းတည်မြို့၊ လဲပင်ကျေးရွာတွင် စစ်ကောင်စီတပ်စွဲခဲ့သော ဘုရားကုန်းပေါ်ကို တော်လှန်ရေးရဲဘော်များက နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာတွင် မြေမြှုပ်မိုင်းအများအပြားတွေ့ရှိခဲ့ကြောင်း PPDF – ၃၆၀၁ တပ်ရင်းက တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
“ သူတို့(စကစ)တွေက ဘုရားရှိတဲ့ကုန်းပတ်လည်မှာ နင်းမိုင်းတွေချန်ထားခဲ့တာ၊ ကျွန်တော်တို့ကနယ်မြေရှင်းရင်းသိရတာ၊ မိုင်းကဝိတ်ပါမှ ပေါက်တာ၊ မြေကြီးကဆွထားသလိုဖြစ်နေတော့ ဓားနဲ့ထောက်ကြည့်လို့ မိုင်းရှိမှန်းသိတော့ တူးကြည့်မှတွေ့ရတာ၊ ကျွန်တော်တို့ ရှင်းနေတုန်း တခြားတစ်ဘက်မှာ ၀က်တစ်ကောင်နဲ့ နွားတစ်ကောင် မိုင်းနင်းမိပြီး သေသေးတယ်” ဟု ၎င်းကဆိုသည်။
၂၀၂၃ ခုနှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် အရပ်သား ထိခိုက်သေဆုံးသူ စုစုပေါင်း ၁၀၅၂ ဦး ရှိပြီး ၂၀၂၂ ခုနှစ်တွင် မှတ်တမ်းတင်ခဲ့သော မိုင်းထိလူဦးရေထက်နှစ်ဆကျော်မြင့်တက်လာကြောင်း UNICEF Myanmar က ဖော်ပြထားသည်။