ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ လေးအိမ်စုကျေးရွာတွင်နေထိုင်သည့် အသက် ၁၈ နှစ်အရွယ်ရှိ ဆာရီသာကူမာရီဆိုသည့် မိန်းကလေးတစ်ဦးသည် မြေမြှုပ်မိုင်းနင်းမိပြီး ရရှိသောဒဏ်ရာများကြောင့် ခြေတစ်ဖက်၊ လက်တစ်ဖက်ဆုံးရှုံးနိုင်ခြေရှိကြောင်း ဒေသခံပြည်သူများထံမှ စုံစမ်းသိရှိရသည်။
ဒဏ်ရာရရှိခဲ့သည့် မိန်းကလေးသည် ဧပြီ ၇ ရက်၊ နံနက် ၁၀ နာရီဝန်းကျင်က လေးအိမ်စုကျေးရွာအနောက်ဘက်ရှိ မိဘများပိုင်ဆိုင်သော လယ်ကွင်းသို့ ပဲဆွတ်ခူးရန်သွားရောက်စဉ် မြေမြှုပ်မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း အသက် ၃၀ ကျော်အရွယ် ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။
“ရွာနဲ့ သူတို့လယ်က သိပ်မဝေးဘူး။ ပေ ၆၀ ကျော် လောက်ပဲရှိမှာ၊ အဲဒီမှာ ပေါက်ကွဲသံကြားလို့ သွားကြည့်တော့ လဲနေတာတွေ့ရတာ၊ သူ့မိဘတွေလည်းအနားမှာ ရှိတယ်၊ ခြေထောက်တွေ၊ လက်တွေမှာ ဒဏ်ရာတွေများတယ်”ဟု ၎င်းကရှင်းပြသည်။
မြေမြှုပ်မိုင်းကြောင့် ဒဏ်ရာအပြင်းအထန်ရရှိသွားသည့် မိန်းကလေးကို ကျောက်တံခါးဆေးရုံမှတစ်ဆင့် ရန်ကုန်ဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ထားကြောင်း မိသားစုနှင့်နီးစပ်သည့်အမျိုးသားတစ်ဦးကဆိုသည်။
“ခြေထောက်တစ်ဖက် ၊ လက်တစ်ဖက်က ဖြတ်ရနိုင်ခြေရှိတယ်၊ လက်ချောင်းတွေ၊ ခြေသလုံးတွေမှာ ဒဏ်ရာတွေကများတယ်၊ ကောင်မလေးကဆယ်တန်းဖြေထားတာ” ဟု ၎င်းကဆိုသည်။
အဆိုပါဖြစ်စဉ်အား စစ်တပ်ထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များလုပ်ဆောင်ခြင်းဖြစ်သည်ဟု ဝါဒဖြန့်ရေးသားနေကြသော်လည်း ပြည်သူများက မယုံကြည်ကြပေ။
“စစ်တပ်က ထောင်တဲ့မိုင်းပါ၊ ကျွန်တော်တို့ အဲဒါမျိုး ပြည်သူတွေ ထိခိုက်မယ့်အလုပ်မျိုးတွေ မလုပ်ပါဘူး။တမင်ပြည်သူတွေ အထင်လွဲအောင်ပြောဆိုမှုပါ၊ ဘယ်သူထောင်ထားတဲ့ မိုင်းလည်းဆိုတာ ပြည်သူတွေ သိပါတယ်” ဟု ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးကပြောသည်။
ပဲခူးတိုင်းအတွင်းရှိ ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူစိုးမိုးသည့်နယ်မြေများတွင် စစ်ကောင်စီတပ်ကပစ်ခတ်သော လက်နက်ကြီးများ၊ မိုင်းများကြောင့် ဒေသခံပြည်သူများ မကြာခဏဆိုသလို ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်လျက်ရှိသည်။