မြန်မာနိုင်ငံအတွင်းရှိ တိုင်းနှင့်ပြည်နယ်အချို့တွင် ယခုလမှစ၍ မေလအထိ နေ့အပူချိန်နှင့် ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်းများ ဆက်လက်မြင့်တက်နေဦးမည်ဖြစ်သောကြောင့် သတိနှင့်ရင်ဆိုင်ကျော်ဖြတ်ရန်လိုအပ်ကြောင်း မိုးလေဝသစောင့်ကြည့်လေ့လာသူများက သတိပေးခဲ့သည်။
“ အခုအချိန် တချို့ဒေသတွေမှာ အပူချိန် ၄၅ ဒီဂရီအထက်ကို ရောက်နေတာတွေ့နေရပါပြီ၊ အပူချိန်စံချိန်တင်တဲ့ မြို့တွေကိုလဲတရားဝင်ကြေညာချက်ထုတ်ပြန်နေတာတွေ့ရမှာပါ။ ဧပြီလကနေ မေလထဲအထိ အပူချိန်က ဆက်ပြီး မြင့်နေနိုင်ဦးမယ်လို့လဲ ရက်ဝေးကြိုတင်ခန့်မှန်းချက်တွေမှာ တွေ့နေရပါတယ်” ဟု မိုးလေဝသခန့်မှန်းသူ ဦးဝင်းနိုင်ကဆိုသည်။
မကွေးတိုင်း၊ ချောက်မြို့နယ်တွင် ဧပြီလ ၇ ရက်က အမြင့်ဆုံးအပူချိန် ၄၇ ဒဿမ ၄ ဒီဂရီစင်တီဂရိတ်အထိ စံချိန်တင်မြင့်တက်ခဲ့ပြီး နှစ်ပေါင်း ၅၆ နှစ်အတွင်း စံချိန်အသစ်တင်နိုင်ခဲ့သည့် အမြင့်ဆုံးအပူချိန်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဖော်ပြချက်များအရ သိရသည်။
“ လက်ရှိ အထက်အညာဒေသတွေမှာ အပူချိန်ကအတော်ပြင်းနေပြီး အပူချိန်လျော့ကျတဲ့ တိုင်းဒေသတွေထဲမှာ အထက်ဒေသတွေ မပါတော့ ဆက်လက်မြင့်မားနေဦးမယ့် အပူရှိန်ကို သတိနဲ့ဆက်ပြီး ရင်ဆိုင်နေကြရပါဦးမယ်။ အပူချိန်မြင့်မားတဲ့အပြင် ခရမ်းလွန်ရောင်ခြည်မြင့်တက်နိုင်တဲ့အချိန်ဖြစ်တဲ့ မနက် ၁၁ နာရီကနေ ၃ နာရီအထိကိုလဲ သတိထားကြရပါမယ်။ ကျန်းမာရေးအတွက် သတိထားရမယ့် ဆောင်ရန်/ရှောင်ရန်တွေကို ဂရုစိုက်ဖတ်စေချင်တယ်” ဟု ဦးဝင်းနိုင်က ဆက်လက်ပြောသည်။
မြန်မာနိုင်ငံအလယ်ပိုင်းဒေသများဖြစ်သည့် နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းဒေသများတွင် ဧပြီ ၁၀ ရက်မှစ၍ ၂ ရက်အတွင်း နေ့အပူအချိန် ၄၀ ဒီဂရီစင်တီဂရိတ်အောက် လျော့ကျနိုင်မည့်အခြေအနေမရှိသေးသော်လည်း မြန်မာနိုင်ငံတောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများတွင် နေ့အပူချိန်များအနည်းငယ်လျော့ကျနိုင်ကြောင်း သိရသည်။
“ ဒီမှာတော့ ပုံမှန်ပဲ အပူချိန်တွေ ပြင်းနေလဲ။ တချို့သွားနေတဲ့သူတွေကလဲ သွားနေကြတာပဲ။ အိမ်ထဲမှာပဲ နေလို့ရတဲ့ အခြေအနေမဟုတ်ဘူး။ နေပူလို့ဆိုပြီး မလုပ်ဘဲနဲ့ ကန့်သတ်ထားတဲ့ဟာတွေတော့ မရှိဘူး။ မဖြစ်မနေလုပ်ရမယ့် အလုပ်တွေကတော့ နေပူပူ၊ မိုးရွာရွာ လုပ်နေကြရတာပါပဲ” ဟု မကွေးတိုင်းအတွင်းနေထိုင်သည့် အမျိုးသားတစ်ဦးက ဆိုသည်။
ရန်ကုန်မြို့ခံတစ်ဦးကလည်း “ အိမ်မှာနေတာများတယ်။ ပူလဲနေရတာပဲ တခြားသွားနေမရတော့လေ။ အပြင်သွားလဲ အဲလ်ကွန်းကားငှားရတယ်။ တအားပူလို့။ မီးလာရင်တော့ နည်းနည်း နေလို့သာတယ်” ဟု ပြောသည်။
အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ယခုနှစ်အတွင်း ပူပြင်းခြောက်သွေ့ခြင်းဒဏ်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကြုံတွေ့နေရခြင်းဖြစ်ပြီး အယ်နီညိုရာသီဥတုဖြစ်စဉ်သည် ဇန်နဝါရီလအတွင်း အားအကောင်းဆုံးဖြစ်သော်လည်း ဧပြီလကုန်အထိ ဆက်လက်ရှိနေနိုင်ကြောင်း မိုးလေဝသခန့်မှန်းသူများကဆိုသည်။
NUG၊ ကျန်းမာရေးဝန်ကြီးဌာနကလည်း ရာသီဥတုပူပြင်းနေခြင်းကြောင့် ပြည်သူများ လိုက်နာဆောင်ရွက်နိုင်ရန် “ အပူဒဏ်အန္တရာယ်နှင့်ပတ်သက်သမျှ ကျန်းမာရေးအသိပညာများ” ဆိုင်ရာ အချက်အလက်များကို ထုတ်ပြန်အသိပေးထားသည်။