မြန်မာနိုင်ငံအနှံအပြားရှိ အကျဉ်းထောင်များတွင် ဆေးဝါးလုံလောက်စွာမရရှိသည့်အပြင် ထောင်အာဏာပိုင်များ၏ ထောင်ပြင်ထုတ်သတ်ဖြတ်မှုများကြောင့် ၃ လအတွင်း နိုင်ငံရေးအကျဉ်းသား ၁၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်၏ အကျဉ်းဦးစီးဌာနက အကျဉ်းသားများအပေါ် လုံလောက်သည့် ဆေးဝါးစောင့်ရှောက်မှု မပေးခြင်း၊ ထောင်ပြင်ထုတ်သတ်ဖြတ်မှုများပြုလုပ်ခြင်းများကြောင့် နိုင်ငံရေးအကျဉ်းသား သေဆုံးမှုများမှာ ယခုနှစ်တွင် ပိုမိုမြင့်တက်လာကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်၏ ဦးဆောင်ကော်မတီဝင်ဦးသိုက်ထွန်းဦးကပြောသည်။
“ ၂၀၂၄ ခုနှစ်က မနှစ်(၂၀၂၃ခုနှစ်)ကထက်ကို သတ်ဖြတ်မှုတွေ၊ သေဆုံးမှုတွေ ကြုံတွေ့နေရတဲ့ နှစ်တစ်နှစ်ပါပဲ၊ အခုမှ ၃ လပဲရှိသေးတယ် သေဆုံးမှုက တစ်ဒါဇင်ကျော်လောက် မြင့်တက်လာတဲ့အတွက် ကျွန်တော်တို့ အတော်လေးကို စိုးရိမ်နေရပါတယ်” ဟု ၎င်းကဆိုသည်။
ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ ယနေ့(ဧပြီ ၈ ရက်အထိ)အကျဉ်းထောင်အတွင်း ဆေးဝါးစောင့်ရှောက်မှုလုံလောက်စွာ မရရှိသောကြောင့် နိုင်ငံရေးအကျဉ်းသား ၇ ဦး သေဆုံးခဲ့သည်။
သေဆုံးခဲ့သူများမှာ ကျိုက်မရောအကျဉ်းထောင်တွင် ၂ ဦး၊ ဒိုက်ဦးထောင်တွင် ၂ ဦး၊ မကွေးထောင်တွင် ၁ ဦး၊ ကလေးထောင်တွင် ၁ ဦးနှင့် မန္တလေးအိုးဘိုထောင်တွင် ၁ ဦးဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်၏ စာရင်းများအရ သိရသည်။
တော်လှန်ရေးကာလ ၃ နှစ်ကျော်လာပြီးနောက်ပိုင်း စစ်ရေးအရှိန်မြင့်တက်လာသည်နှင့်အမျှ ရှေ့တန်းစစ်မျက်နှာတွင် အရှုံးနှင့်ရင်ဆိုင်နေရသည့် စစ်ကောင်စီအနေဖြင့် အကျဉ်းထောင်များအတွင်းရှိသည့် နိုင်ငံရေးအကျဉ်းသားများကို ရန်သူသဖွယ်သဘောထားကာ ဖိနှိပ်မှုမျိုးစုံပြုလုပ်လျက်ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်၏ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောသည်။
“ နိုင်ငံရေး ပုဒ်မနဲ့ရောက်လာတဲ့ သူတွေ၊ အကြမ်းဖက်ပုဒ်မနဲ့ ရောက်လာတဲ့သူတွေ၊ PDF တွေဆိုရင် သူတို့က(စစ်ကောင်စီတပ်) ရန်သူသဖွယ် သဘောထားတယ်၊ ပြီးတော့ ဒီလိုလူမျိုးတွေဆို ပြင်ပဆေးကုသခွင့်မရတာမျိုးတွေ စတဲ့ဖိနှိပ်မှုတွေ ပိုလုပ်တယ်၊ ဒါကြောင့်မို့ သေဆုံးမှုတွေက ပိုများနေပါတယ်၊ နိုင်ကျဉ်းတွေက အသက်ရှင်ပိုင်ခွင့် ဆုံးရှုံးနေပြီး မတရားသတ်ဖြတ်ခံနေရပါတယ် “ ၎င်းကဆိုသည်။
စစ်ကောင်စီတပ်က အကျဉ်းထောင်များအတွင်း စစ်ဆေးမှုများပြုလုပ်ပြီး နိုင်ငံရေးအကျဉ်းသားများကို တရားမဝင်ပစ္စည်းများ ယူသွင်းသည်ဟုဆိုကာ ထောင်အပြင်သို့ခေါ်ထုတ်၍ ထွက်ပြေးရန်ကြံစည်သည်ဟူသော အကြောင်းပြချက်ဖြင့် ပစ်သတ်မှုများကို စစ်ကောင်စီက ယခုနှစ်အတွင်းကျူးလွန်နေကြောင်း သိရသည်။
အကျဉ်းထောင်များတွင် ယခင်က နိုင်ငံရေးအကျဉ်းသားများ သေဆုံးပါက မိသားစုများထံ ဆက်သွယ်အကြောင်းကြားခဲ့သော်လည်း ယခုနှစ်(၂၀၂၄ ခုနှစ်)မှ စတင်ကာ အသိပေးခြင်း မရှိတော့ဘဲ သတင်းအမှောင် ချထားကြောင်းသိရသည်။
“ ၂၀၂၃ ခုနှစ်တုန်းကအထိ အကြောင်းကြားသေးတယ်၊ ဒီနှစ်ကစပြီး သတင်းကို အမှောင်ချထားတယ်၊ ၅ ကျပ်တန် မိတ္ထူစာရွက်လောက်ကို တန်ဖိုးမရှိတဲ့ဘဝကို ရောက်နေရပြီ၊ မိသားစုတွေကို သေဆုံးကြောင်း အသိမပေးဘဲနဲ့ မမေးမြန်းသ၍၊ မဖော်ထုတ်သ၍ သတင်းအမှောင်ချမှုတွေကို လုပ်နေတယ်၊ ဒါက အင်မတန် စိုးရိမ်ရတဲ့ အခြေအနေကို ညွှန်ပြနေပါတယ်” ဟု မြင်းခြံအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက မှတ်ချက်ပြုသည်။
၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိ၍ သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား စုစုပေါင်း (၁၇) ဦးအထိရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။