မန္တလေးတိုင်း၊ ပြင်ဦးလွင် စစ်တက္ကသိုလ်ကို ၁၀၇ (မမ) ရှော့တိုက်ဒုံး ၅ လုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယနေ့ (ဧပြီ၈ရက်)နံနက် ၄ နာရီဝန်းကျင်တွင် ပြင်ဦးလွင် စစ်တက္ကသိုလ် ကိုရှော့တိုက်ဒုံး ၅ လုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားများနေထိုင်သော အဆောင်အနီးသို့ ၄ လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်းNUG ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသ ကသတင်းထုတ်ပြန်သည်။
“စစ်ရေး အရ အားကောင်းလာတဲ့သဘောပါပဲ။ ဆက်တိုက်ဆိုသလို ကျနော်တို့ တော်လှန်ရေးအင်အားစုတွေ ရဲ့ တွန်းလှန်စစ်တွေဟာ စကစ ကို ကောင်းကောင်းကြီး ခြိမ်းခြောက် လာနိုင်ပြီလို့ မြင်ပါတယ်ဗျ” ဟု မန္တလေးခရိုင်တပ်ရင်း – ၃ မှ တပ်ရင်းမှူး ဗိုလ်နက္ခတ် ကပြောသည်။
ယင်းတိုက်ခိုက်မှုပြီးနောက် ပြင်ဦးလွင်မြို့အဝင်၊အထွက်လမ်းလမ်းများကို စစ်ကောင်စီတပ်က စစ်ဆေးနေပြီး မန္တလေးမှ တက်လာသည့် ကားများကို နောက်သို့ပြန်လှည့်ခိုင်းကြောင်း သိရသည်။
“အပေါ်ကိုတက်လာတဲ့ ကားအများစုကိုတော့ ပြန်လွှတ်တယ်” ဟု ပြင်ဦးလွင်မြို့ ခံ တစ်ဦးကပြောသည်။
ပြင်ဦးလွင်မြို့အဝင်ရှိ ပတ္တမြားကျောင်းရှေ့ ပန်းခြံလေးထဲသို့ ရှော့တိုက်ဒုံး ၁လုံးကျသည်ဟု သတင်းရ ကြောင်း ၎င်းက ဆက်လက်ပြောစည်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက်တွင် ပြင်ဦးလွင်မြို့အနီးရှိ ကျေးရွာများကို စစ်သားများက ရှာဖွေစုံစမ်းမှုများပြုလုပ်ကာ အရပ်သားအချို့အား ဖမ်းဆီးမှုများရှိကြောင်း နောင်ချိုဘက်သို့ထွက်သည့် ဝက်ဝံဂိတ်၊မန္တလေးမှလာသည့် ဇီးပင်ကြီးဂိတ်နှင့် ၁၆မိုင်ဂိတ်တို့တွင် စစ်ဆေးမှုများရှိကြောင်း ပြင်ဦးလွင်မြို့သပိတ်အင်အားစု မှ တာဝန်ရှိသူတစ်ဦးကပြောသည်။