စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် AA တို့အကြားတိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် ရိက္ခာပြတ်လပ်မှုများဖြစ်ပေါ်နေပြီး ဒေသခံများအနေဖြင့် တစ်အိမ်ထောင်လျှင် ဆန်နှစ်ပြည်နှုန်းဖြင့်သာ ဝယ်ယူရရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်က အမ်းမြို့အဝင်၊ အထွက်နေရာများကိုပိတ်ဆို့ထားသည့်အပြင် ကုန်ပစ္စည်းသယ်ယူခွင့်များပါပိတ်ပင်ထားခြင်းကြောင့် ဒေသအတွင်း ဆန်အပါအဝင် ဆေးဝါးရိက္ခာပြတ်လပ်မှုများဖြစ်ပေါ်နေခြင်းဖြစ်သည်။
“ ဆန်ကတန်းစီပြီးကိုဝယ်နေရတာ ၊အကန့်အသတ်နဲ့ကိုရောင်းနေတာ၊ တချို့နေရာတွေမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဆီ မဲနှိုက်ပြီးဝယ်နေရတာပေါ့။ စျေးတွေလဲတက်တယ် တစ်ပြည်ကို ၄၀၀၀၊ ၅၀၀၀ လောက်ရှိတယ်” ဟု အသက် ၃၀ ဝန်းကျင်ရှိ အမ်းမြို့ခံအမျိုးသားတစ်ဦးကရှင်းပြသည်။
ရိက္ခာပြတ်တောက်ပြီး ဆန်ဝယ်ယူရခက်ခဲမှုကြောင့် အချို့သောအိမ်ထောင်စုများတွင် ချက်ပြုပ်စားသောက်ရန် ဆန်မရှိတော့သည့် အခြေအနေများဖြင့် ရင်ဆိုင်နေရကြောင်း ၎င်းကဆက်လက်ပြောသည်။
“ ဒီမှာက တစ်ခါတန်းစီရင်လူတန်းက အရှည်ကြီးပဲ၊ နှစ်ပြည်ဆိုတာဘယ်လိုမှ အဆင်မပြေဘူးလေ၊ တချို့မိသားစုတွေဆို ဝယ်မရလို့ ထမင်းမစားရတာတွေပါရှိတယ်” ဟု ၎င်းကဆိုသည်။
စစ်ကောင်စီတပ်၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိရာအမ်းမြို့ကို ရက္ခိုင့်တပ်တော် AA က ပြီးခဲ့သည့်မတ်လမှ စတင်ကာထိုးစစ်တိုက်ခိုက်နေခြင်းဖြစ်ပြီး တိုက်ပွဲပြင်းထန်လာမှုများကြောင့် မကွေးတိုင်းဒေသကြီးကိုဆက်သွယ်ထားသည့် အမ်း-ပဒါန်း ကားလမ်းကို ဧပြီ ၂ ရက်တွင် ရက္ခိုင့်တပ်တော်က ဖြတ်သန်းသွားလာခွင့်ပိတ်ထားခဲ့သည်။
“ အခုကတော့ကျီးလန့်စာစားနေရတာပေါ့၊ နေ့တိုင်း တိုက်လေယာဥ်နဲ့ မပစ်ရင် နေဗီကနေပစ်နေတာပဲ ၊နေရထိုင်ရတာတော့ တကယ်ကိုမလုံခြုံဘူး” ဟု အမ်းမြို့အနီးတွင်နေထိုင်သူတစ်ဦးက ဆိုသည်။
ထို့အတူ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်တွင်လည်း စစ်ကောင်စီတပ်က ကုန်စည်သယ်ယူရေးလမ်းကြောင်းများပိတ်ဆို့ထားခြင်းကြောင့် မြို့နေပြည်သူများအနေဖြင့် ရိက္ခာပြတ်လပ်မှုများကိုကြုံတွေ့နေရသည်။