ကရင်အမျိုးသားအစည်းရုံးKNU၏ထိန်းချုပ်နယ်မြေဖြစ်သည့် တပ်မဟာ၂နယ်မြေအတွင်းသို့ ကျူးကျော်ဝင်ရောက်လာသော စစ်တပ်ယာဥ်တန်းကိုKNDO(ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့)တပ်ရင်း၄မှမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်သား၁၀ဦးထက်မနည်းသေဆုံးခဲ့ကြောင်းသိရသည်။
သြဂုတ်လ၂၄ရက်နေ့န့နက်ပိုင်းတွင် KNDOတပ်ရင်း၄မှ KNUတပ်မဟာ၂နယ်မြေအတွင်းကျူးကျော်ဝင်ရောက်လာသည့်ယာဥ်အစီး၂၀ခန့်ပါဝင်သော စစ်ကြောင်းကို သံတောင်ကြီးမြို့နယ်ရေသိုးကြီးကျေးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်တပ်မှ၁၀ဦးထက်မနည်းသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့သည်။
“ဆွဲမိုင်းလည်းပြီးရောညည်းသံတွေအော်သံတွေကြားရတယ်။တိုက်ပွဲကနာရီဝက်လောက်ပဲကြာလိုက်တယ်ကျသွားတဲ့ထဲဒုတပ်ရင်းမှူးလည်းပါတယ်။အားလုံးကတပ်သားဝတ်စုံဆိုတော့အတည်ပြုဖို့ခက်တယ်” ဟုသတင်းရင်းမြစ်တစ်ဦးကMPAသို့အတည်ပြုပြောဆိုသည်။
KNDOမှစောင့်ဆိုင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတိုက်ပွဲနာရီဝက်အကြာဖြစ်ပွားခဲ့သော်လည်းKNDOဘက်မှမှထိခိုက်မှုမရှိခဲ့ပေ။
သြဂုတ်လတတိယအပတ်မှစတင်ပြီး KNUတပ်မဟာနယ်မြေအသီးအသီးတွင်ကရင့်တပ်မတော်များနှင့် အကြမ်းဖက်စစ်တပ်တို့စစ်ရေးအရ တင်းမာများဖြစ်ပေါ်လျက်ရှိနေပြီးတပ်မဟာအသိးသီးတွင် စစ်ရေးလှုပ်ရှားမှုများခပ်စိပ်စိပ်ရှိနေသည်။
စစ်တပ်သည် လက်ရှိအချိန်တွင် ကချင်ပြည်နယ်၊ချင်းပြည်နယ်၊ကယားပြည်နယ်၊စစ်ကိုင်းတိုင်းအစရှိသည့်နေရာများတွင် ဒေသခံကာကွယ်ရေးတပ်များ၊တိုင်းရင်းသားလက်နက်ကိုင်များနှင့်တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားလျက်ရှိနေသည်။
Photo-KIC(ယခင်ကရိုက်ကူးထားသောပုံအဟောင်းဖြစ်ပါသည်)