ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ရဲစခန်းတွင် မူးယစ်ဆေးဝါးအမှုဖြင့် အချုပ်ကျနေသည့် အကျဉ်းသားအချို့သည် ရဲစခန်းတာဝန်ရှိသူများနှင့် တရားသူကြီးများကို လာဘ်ငွေ ကျပ်သိန်း ၃၀၀ ပေးပါက ပြန်လွှတ်ပေးနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ယမန်နေ့ (ဧပြီ ၆ ရက်) တွင် မူးယစ်မှုဖြင့် နောင်ချိုရဲစခန်း၌ အချုပ်ကျနေသူတစ်ဦး ပြန်လွတ်နိုင်ရန်အတွက် မိသားစုဝင်များက ရဲစခန်းရှိတာဝန်ရှိသူများကို လာဘ်ငွေပေးခဲ့ရကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးကပြောသည်။
“ မတရားဘူးလို့ပဲပြောချင်တယ်။ ငွေပေးနိုင်မှ လွှတ်ပေးမယ်ဆိုတဲ့အရာက မဖြစ်သင့်ဘူး။ ငွေမပေးနိုင်တဲ့သူဆို ရင်ကော ဘယ်လိုလုပ်မှာလဲ၊ တချို့က စွပ်စွဲခံရလို့ ထောင်ကျသွားတာတွေရှိတယ်။ လက်ရှိ လာဘ်ငွေယူပြီး ပြန်လွှတ်ပေးတာကလဲ မူးယစ်မှုဘဲ အခြားအမှုတွေမပါဘူး” ဟု ၎င်းကပြောသည်။
ထို့ပြင် နောင်ချိုမြို့တွင် ရဲ၊ ရှေနေနှင့် တရားသူကြီးများ ပူးပေါင်းကာ ငွေကြေးတတ်နိုင်သည့် အကျဉ်းသားများထံမှ လာဘ်ငွေရရှိရန် အကြောင်းအမျိုးမျိုးဖြင့်တောင်းခံနေပြီး ငွေကြေးမတတ်နိုင်သည့် သူများကို အမိန့်ချမှတ်လျက်ရှိနေကြောင်း ဒေသခံများကဆိုသည်။
“ ရဲနဲ့ခင်တဲ့သူ တချို့ပြောတာကတော့ သူတို့ မကျွေးနိုင်တော့လို့တဲ့၊ ကုန်ကျစရိတ်လည်းများတယ်။ အဲ့ဒါကြောင့် အမှုအချို့ဆိုရင် မစစ်ဆေးဘဲနဲ့ ဒီတိုင်းပစ်ထားတယ်။ ဟိုရက်ချိန်းလိုက်၊ ဒီရက်ရွှေံလိုက် လုပ်နေတယ်” ဟု နောင်ချို့မြို့ခံ အမျိုးသားတစ်ဦးကပြောသည်။
လက်ရှိ နောင်ချိုရဲစခန်း၌ အကျဉ်းကျနေသည့် အကျဉ်းသား စုစုပေါင်း ၁၀၀ကျော်ရှိပြီး နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုးနှင့် အခြားမြို့နယ်များမှ ဒေသခံအချို့ဖမ်းဆီးခံထားရကာ ၎င်းတို့အနက် ၂၀ကျော်သည် လာဘ်ငွေပေးကာ ပြန်လည်လွတ်မြောက်ခဲ့ကြောင်းလည်း သိရသည်။