စက်ရုံပစ္စည်း ခိုးယူသည်ဟုဆိုကာ ဒေသခံ ၃၆ ဦးကို ဆားလင်းကြီးပလဖ က ဖမ်းဆီးစဉ် သိမ်းဆည်း ခဲ့သည့် ပစ္စည်းများအား ၁လကြာသည့်တိုင် ပြန်မပေးသေးကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ စက်မှု- ၂ချည်မျှင်စက်ရုံက သံတိုသံစများ ခိုးယူသည်ဟုဆိုကာ ဆားထုံးရွာသား ၃၆ဦးကို ဆားလင်းကြီးမြို့နယ်ပလဖ(ဆားလင်းကြီးမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့) က မတ်လ၆ရက်၌ ဖမ်းဆီးစဉ် ပစ္စည်းများ လည်း သိမ်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။
ဆားထုံးရွာသား ၃၆ဦးကို ဖမ်းဆီးခဲ့ခြင်းနှင့်ပတ်သက်ပြီး ရွာသားများ၏ ဆန္ဒပြတောင်းဆိုမှုကြောင့် မတ်လ ၉ရက် ညပိုင်း၌ ပြန်လွှတ်ပေးခဲ့သော်လည်း ဖမ်းဆီးခံရသူတို့ထံက သိမ်းဆည်းခဲ့သည့် ပစ္စည်းများအား ယနေ့ (ဧပြီ ၆ရက်)အထိ ပြန်မပေးသေးကြောင်း ဖမ်းဆီးခံခဲ့ရသူတစ်ဦးကပြောသည်။
” ဘာမှကို ခုထိပြန်မရသေးဘူး။ ကျနော်တို့ ခဏခဏသွားတယ်။ သူတို့ရုံးကို(ပလဖရုံး) သူတို့လူကြီး အကြီးအကဲတွေနဲ့လည်း ခဏခဏ တွေ့ဖို့ပြောတယ်။ အတွေ့မခံဘူး။ ဟိုလူ့လွှဲချ၊ ဒီလူ့လွှဲချနဲ့ ဟိုလူ့ကိုပြောရဦးမှာ ဒီလူကိုပြောရဦးမှာနဲ့။ တစ်ယောက်နဲ့ တစ်ယောက်ပုတ်ချနေတာ။ ခုဆို ၁လပြည့်သွားပြီ” ဟု ၎င်းကပြောသည်။
သိမ်းဆည်းခံထားရသည့် ပစ္စည်းများမှာ ဖုန်း အလုံး ၂၀ကျော်၊ ဆိုင်ကယ် အစီး ၂၀ကျော်၊ သုံးဘီးဆိုင်ကယ် ၃စီး၊ မီနီအိုးဝေ ၁စီး၊ မှတ်ပုံတင်တချို့နှင့် ပိုက်ဆံတချို့တို့ ဖြစ်သည်။
စာတင်လျှင်ပြန်ပေးမည်ဟုဆိုသဖြင့် မတ်လ ၁၁ရက်နေ့ကတည်းက စာတင်ထားသော်လည်း ယနေ့ အထိ အကြောင်းမပြန်သေးကြောင်း ၎င်းကပြောသည်။
” မြို့နယ်အစည်းအဝေးဆုံးဖြတ်ချက်နဲ့မှ လုပ်ရမှာဆိုတော့ အစည်းအဝေးမလုပ်ရသေးလို့ဖြစ်မှာပါ။” ဟု ဆားလင်းကြီးမြို့နယ်ပလဖမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
သိမ်းဆည်းထားသည့် ပစ္စည်းစာရင်းကို မြို့နယ်ပအဖထံ ပို့ဆောင်လိုက်ပြီဖြစ်သဖြင့် အတိအကျမသိရှိတော့ကြောင်းလည်း ၎င်းကပြောသည်။
မတ်လ ၈ရက်တွင် ဖမ်းဆီးခံပြည်သူများကိုပြန်လွှတ်ပေးရန် ဒေသခံတို့က ဆန္ဒပြတောင်းဆိုပြီးနောက် မတ်လ ၉ရက်၌ ဆားထုံးရွာသူတစ်ဦးအား ဆန္ဒပြခေါင်းဆောင်ဟုဆိုကာ ဆားလင်းကြီးမြို့နယ်ပလဖက ရွာထဲ ဝင်ဖမ်းစဉ် ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့သေးသည်။