ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ်(၁၃)ရှိ အောက်ချိုင်ကျေးရွာကို စစ်ကောင်စီက ဧပြီ ၃ ရက်၊ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ နိုင်ငံတကာက ပိတ်ပင်တားမြစ်ထားသည့် ထပ်ဆင့်ပေါက်ကွဲ(Cluster)ဗုံးများ အသုံးပြုခဲ့ကြောင်း မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့သတင်းထုတ်ပြန်သည်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့်အသက် (၂) နှစ်အရွယ် မိန်းကလေးတစ်ဦး၊ (၄) နှစ်အရွယ် ယောက်ျားလေးတစ်ဦး၊ (၂၈) နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ (၄၇) နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် (၅၃) နှစ်အရွယ် အမျိုးသားတစ်ဦး စုစုပေါင်း ပြည်သူ (၅) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသေးစား ထိခိုက်ဒဏ်ရာရသူများလည်းရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ထည့်သွင်းဖော်ပြထားသည်။
ထို့ပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ် (၁၂) လုံး အကြီးအကျယ်ပျက်စီးခဲ့ပြီး တစ်ရွာလုံးရှိ လူနေအိမ်များနှင့် စာသင်ကျောင်းဆောင်များ၊ ဆရာ/မ အဆောင်များ ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။
အောက်ချိုင်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသကဲ့သို့ CDF (မင်းတပ်)အပါအဝင် တော်လှန်ရေးအင်အားစုများအနေဖြင့် အထိုင်ချတပ်စွဲထားခြင်းမရှိကြောင်းနှင့် လူစုလူဝေးပြုလုပ်ခြင်းများလည်းမရှိဘဲ စစ်ကောင်စီက ယခုလိုဗုံးကြဲတိုက်ခိုက်သွားခြင်းဖြစ်ကြောင်း မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံဆလိုင်းယောမာန်က MPA ကိုပြောသည်။
“ အထူးသဖြင့် cluster ဗုံးတွေက droplets ခေါ်တဲ့ ဗုံးအသေးလေးတွေက အကုန်လုံးပြန့်ကြဲပြီးမှ ကျသွားတယ်။ ပြန့်ကြဲပြီးမှ ကွဲတယ်ပေါ့နော်။ မကွဲတဲ့ဗုံးလေးတွေက အလိုအလျောက် မိုင်းအဖြစ် ဖြစ်သွားတယ်။ ဆိုတော့ လေယာဥ်ဗုံးအန္တရာယ်အပြင် မြေမြှုပ်မိုင်းလိုမျိုးပေါ့နော်။ မိုင်းအန္တရာယ်ထပ်ရှိတယ်ပေါ့လေ။ သွားရင်းလာရင်းခလုတ်တိုက်လို့သော်လည်းကောင်း၊ မသိနားမလည်ဘဲနဲ့ကိုင်တွယ်မိလို့သော်လည်းကောင်း နောက်ထပ်ထပ်ဆင့်အန္တရာယ်ဖြစ်မှာ မိုင်းအန္တရာယ်ကြုံရမှာကိုတော့ ပြည်သူတွေအနေနဲ့ သတိထားကြဖို့လိုတယ်” ဟု ၎င်းကရှင်းပြသည်။
ပြည်သူများအနေဖြင့် မိမိတို့ နေအိမ်၊ ကျေးရွာဝန်းကျင်နှင့် တောင်ယာများသို့ သွားလာရာတွင်လည်း သတိဖြင့် သွားလာ၍ မပေါက်ကွဲသေးသော ကြွင်းကျန်ဗုံးများ၊ ဒုံးကျည်များ၊ မိုင်းများ၊ သံထည်ဝတ္ထုများ၊ ဝါယာကြိုးများ တွေ့ရှိရပါက ၎င်းတို့အား ထိတွေ့ကိုင်တွယ်ခြင်း၊ နေရာရွှေ့ခြင်း၊ နေအိမ်သို့ ယူဆောင်ခြင်းများ မပြုလုပ်ဘဲ တွေ့ရှိသည့်နေရာကို အမှတ်အသားပြုလုပ်၍ သက်ဆိုင်ရာ အုပ်ချုပ်ရေး၊ ကာကွယ်ရေး အဖွဲ့များကို အကြောင်းကြားရန် မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးပြောကြားထားသည်။
မင်းတပ်မြို့နယ်တွင် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများအပြင် မတ်လကုန်ပိုင်းကတိုက်ခိုက်ခဲ့သော လေပြင်းမုန်တိုင်းများကြောင့် ကျေးရွာပေါင်း ၆၀ ကျော်မှ နေအိမ်ပေါင်း ၆၀၀ ကျော်ထိခိုက်ပျက်စီးခဲ့ရပြီး အမိုးအကာနှင့်ဆေးဝါးအကူအညီများ လိုအပ်လျက်ရှိကြောင်းသိရသည်။
“ လေကြောင်းကလည်း အမြဲတိုက်ခိုက်နေတော့ တော်တော်များများကတော့ ရွာထဲမှာမနေရဲဘူး။ တောင်ယာတွေထဲမှာ သွားနေကြတာတွေရှိတယ်။ ဗုံးကြဲခံရတဲ့ရွာတွေကတော့ ပိုဆိုးတာပေါ့။ တောင်ယာလည်းမသွားရဲ၊ ကလေးတွေဆိုကျောင်းမသွားရဲတာတွေ စိတ်ဒဏ်ရာတွေရကြတယ်။နောက်ပြီး မိုးရာသီလည်းရောက်တော့မှာဆိုတော့ နေအိမ်ပျက်စီးတဲ့သူတွေအနေနဲ့က ရနိုင်မယ်ဆို အမိုးအကာအကူအညီတွေလိုအပ်တယ်ဗျ” ဟု မင်းတပ်ဒေသခံအမျိုးသားတစ်ဦးကဆိုသည်။
စစ်ကောင်စီအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဧပြီ ၁၆ ရက်ကလည်း အလားတူ ဆင့်ပွားထပ်ဆင့် ပေါက်ကွဲစေသည့် Cluster ဗုံးများ အသုံးပြု၍ မင်းတပ်မြို့နယ်၊ တိုက်နယ် (၁)အတွင်းရှိ ပန်းပါရွာကို ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ယင်းလေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ (၃) ဦးသေဆုံးကာ (၆) ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
မြန်မာနိုင်ငံသည် ထပ်ဆင့်ပေါက်ကွဲစေသောဗုံးအသုံးပြုမှု တားမြစ်ချက်၂၀၀၈ ကို သဘောတူလက်မှတ်ရေးထိုးထားခြင်းမရှိဘဲ စစ်ကောင်စီက ထပ်ဆင့်ပေါက်ကွဲ cluster ဗုံးများကို ၎င်းတို့၏ကာကွယ်ရေးပစ္စည်းစက်ရုံများ၌ ကိုယ်တိုင်ထုတ်လုပ်ကာ စစ်ကောင်စီအာဏာသိမ်းပြီးချိန်မှစ၍ ချင်း၊ ကယား၊ ကရင်နှင့်ရှမ်းပြည်နယ်တိုက်ပွဲများအတွင်း အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။