ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်ရှိ ဖျာပုံအကျဥ်းထောင်တွင် ဖြစ်ပွားခဲ့သည့်ပဋိပက္ခအတွင်း ပါဝင်ခဲ့သည့် အကျဉ်းသား ၁၁ ဦးကို အင်းစိန်အကျဥ်းထောင်နှင့် သာယာဝတီအကျဉ်းထောင်သို့ ထောင်ပြောင်းရွေ့မည်ဟု ဆိုကာ ဧပြီ ၅ ရက်၊ နံနက်ပိုင်းတွင် စစ်သား၊ ရဲများနှင့် အကျဉ်းဦးစီးဝန်ထမ်းများ ခေါ်ထုတ်သွားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် မတ်လ ၃၁ ရက်က ဖျာပုံအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများနှင့် အခြားပြစ်မှုအကျဉ်းသားများစုပေါင်း၍ ထောင်ဖောက်ရန် ကြံစည်နေကြောင်း ထောင်အာဏာပိုင်များက အထက်လူကြီးများအား သတင်းမှားပို့၍ တိုင်တန်းရာမှ စစ်သားနှင့်ရဲများရောက်ရှိလာပြီး သေနတ်ပစ်ဖောက်ရိုက်နှက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း အထက်ပါအဖွဲ့၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။
“အမှန်က ဘာအကြောင်းပြချက်မှမရှိဘဲ အကျဉ်းသားတစ်ဦးကို ထောင်ဝန်ထမ်းတစ်ယောက်က ဝင်ရိုက်တာ၊ အဲဒါကို အခြားအကျဉ်းသားတွေက ဝိုင်းဝန်းကန့်ကွက်တယ်၊ ပြီးတော့ အကျဉ်းသားတွေနဲ့ ထောင်ဝန်ထမ်းတွေ စကားတွေများကြတာ၊ အခု အဲဒီပြဿနာမှာပါဝင်လို့ ရိုက်နှက်ခံထားရတဲ့ အကျဉ်းသား ၁၁ ဦးကို ထောင်ပြောင်းမယ်ဆိုပြီးခေါ်ထုတ်သွားတာ၊ အိမ်စီးကားတွေနဲ့ လာခေါ်သွားတာ”ဟု ၎င်းကရှင်းပြသည်။
ထောင်ပြောင်းရွှေ့မည်ဟု ခေါ်ဆောင်သွားသည့် အကျဉ်းသားများထဲတွင် နိုင်ငံရေးအကျဉ်းသား ၄ ဦးပါဝင်နေပြီး စစ်တပ်နှင့်ထောင်အာဏာပိုင်များက စစ်ကြောရေးသို့ပို့ကာ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်မည်ကို စိုးရိမ်ကြောင်း ကိုသိုက်ထွန်းဦးက ဆက်လက်ပြောသည်။
“ကျွန်တော်တို့ ဘာလို့စိုးရိမ်လည်းဆိုတော့ အဲဒါမျိုးထောင်ပြောင်းမယ်ဆိုပြီး ခေါ်သွားပြီးမှ လမ်းမှာထွက်ပြေးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ပစ်သတ်လိုက်တဲ့ဖြစ်စဉ်တွေရှိခဲ့တယ်၊ ဥပမာ ပြီးခဲ့တဲ့ ၂၀၂၃ ဒိုက်ဦးထောင်မှာထောင်ပြောင်းမယ်ဆိုပြီး ခေါ်သွားတာ လမ်းမှာထွက်ပြေးလို့ဆိုပြီး ၁၀ ယောက်လောက် ပစ်သတ်ခံလိုက်ရတယ်၊ ဖြစ်စဉ်တွေအများကြီးရှိတယ်။ ဒီလိုမျိုးလုပ်ရပ်တွေကို ပေါ်ပေါ်တင်တင်ကျူးလွန်လာတော့ ကျွန်တော်တို့ ပိုစိုးရိမ်ရတယ်၊ အခု ထောင်ပြောင်းမယ်ဆိုပီးခေါ်သွားခံထားရသူတွေကလည်း သူတို့နဲ ပြဿနာဖြစ်ထားတဲ့ လူတွေဆိုတော့ ပိုစိုးရိမ်စရာကောင်းတယ်။ ဒုတိယကမ္ဘာစစ်မှာ နာဇီတွေကဂျူးလူမျိုးတွေကိုလူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်နေသလို လက်ရှိမြန်မာပြည်မှာလည်းအကြမ်းဖက်စစ်ကောင်စီကသူတို့နဲ့ နိုင်ငံရေးခံယူချက်မတူတဲ့ပြည်သူလူထုအားလုံးကို လူမျိုးတုန်းသတ်ဖြတ်မှုသဖွယ် သတ်ဖြတ်နေတာတွေတွေ့ နေရတယ်” ဟု ကိုသိုက်ထွန်းဦးက မှတ်ချက်ပြုပြောဆိုသည်။
ယခု ထောင်ပြောင်းရွေ့ရန်ခေါ်ဆောင်ခံသွားရသည့် အကျဉ်းသားများသည် ထောင်ဝန်ထမ်းများ၏ ရိုက်နှက်နှိပ်စက်ခံထားရသည့် ဒဏ်ရာများကို လုံလောက်စွာ ဆေးကုသမှုမရရှိသည့်အပြင် ထောင်ဒဏ် ၆ လ ထပ်မံ အမိန့်ချခံခဲ့ရသည့် အကျဉ်းသားများဖြစ်ပြီး သာယာဝတီထောင်သို့ ရောက်ရှိလာခြင်း မရှိသေးကြောင်း သာယာဝတီအကျဉ်းထောင်နှင့်နီးစပ်သူတစ်ဦးက ဧပြီ ၅ ရက်၊ မွန်းလွဲ ၁ နာရီအချိန်က MPA ကိုပြောသည်။
“အခုနေ့ခင်း တန်းပိတ်ချိန်အထိတော့ရောက်လာတာမတွေ့ရသေးဘူး။ ညနေဘက်တော့မသိဘူး။ အခုဒီထောင်မှာတောင်လူတွေ ကျပ်နေတာ၊ ထောင်ပြောင်းတွေထပ်ရောက်လာရင်ပိုဆိုးမယ်” ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့် မတ်လ ၁၇ ရက်ကလည်း ထားဝယ်အကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားကိုမင်းသူနှင့် ကိုဝင်သီဟတို့ကို စစ်ဆေးစရာရှိသည်ဟုဆိုကာ စရမ များက ခေါ်ထုတ်သွားပြီး စစ်ဆေးနေချိန် ထွက်ပြေးသည်ဆိုသည့် အကြောင်းပြချက်ဖြင့် ၂ ဦးလုံးကိုသတ်ဖြတ်ခဲ့ကြောင်း သိရသည်။