မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံဂိတ် ကို ဒရုန်းဖြင့် ဗုံးကြဲခဲ့ရာ ပစ်မှတ်တည့်တည့် သို့ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ဧပြီ ၄ ရက်၊မွန်းလွဲ ၂ နာရီ ၂၅ မိနစ်ဝန်းကျင်တွင် စစ်သားနှင့်ရဲ ၃၀ ခန့် ရှိသည့် မုပ္ပလင်လမ်းဆုံဂိတ်ကို ဒရုန်းဖြင့် ဗုံးသီး ၄ လုံးကြဲချခဲ့ရာ ဂိတ်စခန်းပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)က သတင်းထုတ်ပြန်သည်။
“မစ်ရှင်က ထိခိုက်သေဆုံးရှိနိုင်တယ်ဗျ။ဘာလို့ဆိုရင် ဂိတ်ပေါ် ၄ လုံးစလုံးတည့်တည့်ကျတာ။သူတို့ဘက်က သတင်းစုံစမ်းလို့မရအောင် အုပ်ထားတာ။ကျနော်တို့ ဒရုန်းနဲ့ကြဲပြီးတော့ ပြန်ပစ်တာမျိုးတွေလည်းမလုပ်ကြဘူး။လက်နက်ကြီးနဲ့ကတော့ ပစ်တာက ပုံမှန်လိုဖြစ်နေပါပြီ”ဟု ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)မှ ပြန်ကြားရေးတာဝန်ခံ ကပြောသည်။
ယင်းတိုက်ခိုက်မှုအပြီးတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ထိခိုက်မှုမရှိ ဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
“ကျနော်တို့ သေဆုံးစာရင်းကို ရမ်းမပြောချင်ဘူးဗျ။သေတာကတော့ရှိမှာ။ ဂိတ်ပေါ်တည့်တည့်ကျတာဆိုတော့လေ။ဗုံးကြဲပြီးတော့ လုံခြုံရေးတိုးတာတွေ၊လမ်းသွားလမ်းလာတွေကို စစ်ဆေးရေးလုပ်တာမျိုးတွေက ဒီနေ့ မနက်ပိုင်းထိရှိတယ်”ဟု ကျိုက်ထိုပကဖ ရဲဘော်တစ်ဦး ကပြောသည်။
အဆိုပါတိုက်ခိုက်မှုကို KNLA၊KRFနှင့် ကျိုက်ထိုပကဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။