ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ မင်းအောင်လှိုင် ရောက်ရှိနေကြောင်း သတင်းထွက်ပေါ်နေပြီး မြို့ပေါ်၌ လုံခြုံရေးတင်းကျပ်ထားကြောင်း သိရသည်။
ဧပြီ၆ရက်တွင် ပြုလုပ်မည့် တာချီလိတ်မြို့၊နဂါးနှစ်ကောင်ဆရာတော်၏ ဈာပနပွဲသို့ တက်ရောက်ရန် ဧပြီ၃ရက် ညကတည်းက မင်းအောင်လှိုင် တာချီလိတ်သို့ရောက်ရှိနေကြောင်း သတင်းထွက်ပေါ်နေ ကြောင်း မြို့ခံအချို့က ဆိုသည်။
“ ခုမင်းအောင်လှိုင်ရောက်နေပြီတဲ့။မြို့ထဲတော့ စစ်သားတွေ လုံခြုံရေးချထားတာပဲ။တာချီလိတ်ကို မင်းအောင်လှိုင်ကမကြာမကြာလာတတ်တယ်။ဒီမှာကဖောက်ခွဲမှုတွေလည်းသိပ်မဖြစ်တော့ လာရဲတယ်” ဟု တာချီလိတ်မြို့ခံတစ်ဦးကပြောသည်။
တာချီလိတ်မြို့ရှိ မည်သည့်နေရာသို့ မင်းအောင်လှိုင် ရောက်ရှိ တည်းခိုနေသလဲဆိုသည်ကိုမူ မသိကြပေ။
တာချီလိတ်မြို့တွင်းရှိ နေရာများစွာတွင် ပြည်သူ့စစ်နှင့် စစ်သားတို့ လုံခြုံရေးယူထားသည်ကို တွေ့ ရကြောင်းလည်း ဆိုသည်။
“ မြို့ထဲမှာတော့လမ်းတိုင်း၊နေရာတိုင်းသူ တို့ ပြည်သူ့စစ်တွေကိုလုံခြုံရေးထားထားတယ်။ လုံခြုံရေးယူပြီး ကျပ်ထားတာမျိုးပေါ့၊စစ်ဆေးတာဖမ်းဆီးတာတော့မရှိဘူး။ ဒီနေ့(ဧပြီ၅ရက်)ကစပြီး လမ်းတွေမှာစစ်သားတွေတွေ့ရတာ” ဟု ၎င်းကပြောသည်။
နဂါးနှစ်ကောင်ဆရာတော်၏ ရုပ်ကလပ်ကို မိုင်းဖုန်းသွားသည့်လမ်းရှိ လွယ်ယွမ်းခမ်းဘုရားအနီးရှိ မီးသင်္ဂြိုလ်ကွင်း တွင် မီးသင်္ဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။
“လမ်းတွေလည်းအကုန်ပိတ်မှာ။လမ်းလျှောက်ပြီးသွားပို့ကြမှာ” ဟု စျာပနပွဲအကြောင်း သိရှိသူ တာချီလိတ်မြို့သားတစ်ဦးကပြောသည်။
တာချီလိတ်မြို့ပေါ်ရှိ လမ်းဘေးဈေးသည်များကိုဈေးရောင်းချခွင့် ၂ရက်(ဧပြီ၅ရက်နှင့်၆ရက်)ပိတ် ထားကြောင်းသိရသည်။
နဂါးနှစ်ကောင်ဆရာတော်သည် ဖေဖေါ်ဝါရီ၈ရက်၊နံနက်၁၂နာရီကျော်တွင် တာချီလိတ်မြို့၊ဆန်ဆိုင်း(က)ရပ်ကွက်ရှိ နဂါးနှစ်ကောင်ကျောင်းတိုက်၌ ပျံလွန်တော်မူခဲ့သည်။
ဆရာတော်သည် သက်တော်၉၆နှစ်၊ဝါတော် ၇၆ဝါ တွင် ပျံလွန်ခြင်းဖြစ်သည်။