ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ ၃ရက်ဆက် တိုက်ပွဲ ပြင်းထန်နေကြောင်း သိရသည်။
ဧပြီ ၃ရက်နေ့က ပြန်လည်စတင်ခဲ့သည့် မိုးဗြဲတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းအ သုံးပြုတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးဖြင့်လည်း ပစ်ခတ်မှုများရှိခဲ့ကြောင်း မိုးဗြဲမြို့နေပြည်သူတစ်ဦးက ပြော သည်။
“ ဧပြီလ ၃ရက်နေ့ည ၉နာရီလောက်က မိုးဗြဲ ကွက်သစ်ရပ်ကွက်ကို စစ်တပ်ကလေကြောင်းနဲ့ ဗုံးကြဲသွားတယ်။ကြဲတာက ပေါင် ၅၀၀ဗုံးတွေ၊ပေါက်ကွဲတာ အကျယ်ကြီးပဲ။ ရပ်ကွက်ထဲက အိမ်တော်တော်များ ပျက်စီးတယ်။၁၀အိမ်လောက်က လုံးဝပြိုသွားတယ်” ဟု ၎င်းက ပြောသည်။
မိုးဗြဲမြို့တွင်းတိုက်ပွဲများသည် ဧပြီ ၃ရက်နေ့မှ ယနေ့အထိ ၃ရက်ကြာဖြစ်ပွားနေပြီး ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက မိုးဗြဲအခြေစိုက် ခမရ-၄၂၂ တပ်ရင်းကို သိမ်းပိုက်ရန်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ကရင်နီ လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF) နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ ဧပြီလ ၃ရက်နေ့ကစပြီး မိုးဗြဲက ခမရ- ၄၂၂ကို ဝင်သိမ်းနေကြတာ။စခန်းတော့ ဒီနေ့အထိ မရသေးဘူးကြားတယ်။စခန်းသိမ်းနေလို့ စစ်တပ်ဘက်က လေကြောင်းလာတာပါ။လွိုင်ကော် ၅၄တပ်ရင်းကနေ လက်နက်ကြီးပစ်ကူရော၊စစ်ကူနဲ့ ရိက္ခာ ပို့ပေးနေတဲ့ အခြေအနေပေါ့” ဟု ၎င်းက ပြောသည်။
ယနေ့ မိုးဗြဲတိုက်ပွဲအခြေအနေနှင့် ပတ်သက်ပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ထံသို့ MPAက ဆက်သွယ်မေးမြန်းရာ မိုးဗြဲမြို့တွင်း ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေကြောင်း ပြောသည်။
“ မိုးဗြဲမှာ စစ်ကောင်စီက လေကြောင်းရော၊လက်နက်ကြီးရော ပစ်နေတာပေါ့။ဆက်သွယ်ရေးလိုင်းတွေဖြတ်ထားတယ်။အင်တာနက်ရော၊ဖုန်းရော မရဘူး။စစ်ရေးအခြေအနေကတော့ ပြောလို့မရသေးတဲ့အခြေအနေမို့ပါ။ KNDFက တရားဝင်ထုတ်ပြန်ပါ့မယ်” ဟု ၎င်းက ပြောသည်။
မိုးဗြဲမြို့တွင်း၌ တိုက်ပွဲများပြန်လည်ဖြစ်ပွားနေသဖြင့် မိုးဗြဲမြို့နေ ပြည်သူ ၁၀၀ကျော်တို့သည် ထိုင်းနိုင်ငံ၊မယ်ဟောင်ဇာမြို့ ဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း ကရင်နီစစ်ဘေးရှောင်ကူညီထောက်ပံ့ရေးအသင်းထံက သိရသည်။