ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်ရှိ စစ်ကောင်စီတပ်၏ ခြေလျင်တပ်ရင်း (ခလရ-၉၇) တပ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်သိမ်းပိုက်နိုင်ရေးတိုက်ပွဲများ ဖော်ဆောင်၍ ကြိုးပမ်းနေကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရှိရသည်။
“ လက်ရှိအခြေအနေကတော့ စကစ ရဲ့ ၉၇ တပ်ဝင်းကို ကပ်ထားတယ်။ ပူးပေါင်းတပ်တွေ အကုန်လုံးက ဝိုင်းထားတယ်။ တိုက်ပွဲကတော့ နေတိုင်းလိုလိုဖြစ်တယ်။ ၉၇ တစ်ခုလုံးကိုတော့ မရသေးဘူး။ အဓိက အမှည့်ခြွေနေတာပေါ့။ သူတို့လဲ ဘယ်လောက်အထိ ဒီထဲကနေ မထွက်ဘဲ နေနိုင်မလဲပေါ့။ အရမ်းကြီးတော့ အထဲကို ဝင်လုံးလို့ မရသေးဘူး” ဟု မြေပြင်ရှိ တော်လှန်ရေးရဲဘော်တစ်ဦးက ရှင်းပြသည်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီ၏ အဆိုပါ ခလရ-၉၇ တပ်ကို သိမ်းပိုက်နိုင်ရေးအတွက် ဧပြီ ၃ ရက်မှစတင်၍ မြေပြင်တွင်တိုက်ပွဲများဖော်ဆောင်နေသလို စစ်ကောင်စီအခြေစိုက်နေရာများကိုလည်း မောင်းသူမဲ့လေယာဉ်ငယ်များဖြင့် ဝေဟင်မှ ဗုံးကြဲတိုက်ခိုက်ခြင်းများလုပ်ဆောင်ခဲ့ကြောင်း Power Of Ababil Drone Team-POA အဖွဲ့၏ တာဝန်ခံလင်းမြတ်ထွန်းက ပြောသည်။
“ ကျွန်တော်တို့ ဒီနေ့ မနက်ပိုင်းမှာလဲ မောင်းသူမဲ့ ယာဉ်ငယ်တွေနဲ့ သူတို့ အခြေစိုက်နေရာတွေကို တိုက်ခိုက်ခဲ့ပါတယ်။ အထိခိုက်အကျဆုံးကတော့ မသိရသေးဘူးဗျ။ သူတို့ဘက်ကလဲ လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပြန်ပစ်နေတာမျိုးရှိပါတယ်” ဟု ၎င်းကဆိုသည်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် အဆက်မပြတ် ပြန်လည်ပစ်ခတ်မှုများကြောင့် ကော့ကရိတ်မြို့၊ အမှတ် ၂ ဝင်းကြီးရပ်ကွက်ရှိ စစ်ရှောင်ပြည်သူများ၏ နေအိမ်များ မီးလောင်ကျွမ်း ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။
“ ကျွန်မတို့ ပြည်သူတွေရဲ့ နေအိမ်တွေ မီးလောင်တာရော လက်နက်ကြီးထိလို့ ပျက်စီးကုန်တာရောက နေ့တိုင်းလိုလိုပါပဲ။ တိုက်ပွဲကလဲ မပြတ်တော့ အိမ်ပြန်နေလို့မရဘဲ တိုက်ပွဲကအချိန်ကြာလာလေ ကျွန်မတို့လဲ ဒုက္ခပိုများလာလေပါပဲ” ဟု ကော့ကရိတ်မြို့က စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်မှစတင်၍ KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များ၊ ဒရုန်းတပ်ဖွဲ့များမှ အာရှလမ်းပိုင်းနှင့် ကော့ကရိတ်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ အထိုင်စခန်းများ၊ ဂိတ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဘားအံ-မြဝတီ အာရှလမ်းပိုင်းနှင့် ကောကရိတ်မြို့ပေါ် ဧရိယာ ၆၀ ရာခိုင်နှုန်းကို စိုးမိုးထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း တောင်ပိုင်းစစ်ဒေသက သတင်းထုတ်ပြန်ထားသည်။