တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်၊ သာယာကုန်းရွာသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ (ဧပြီ ၃ရက်)၊ မနက် ၉နာရီခန့်တွင် သာယာကုန်းရွာအနီး သဲပုံတောင်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သာယာကုန်းရွာအတွင်းသို့ လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု လောင်းလုံမြို့နယ် ဒေသခံတစ်ဦးကပြောသည်။
“ သေသွားတဲ့သူက ကိုသူထွေး၊ အသက် ၃၄နှစ်ပဲရှိသေးတယ်။ အိမ်ထဲမှာ အလုပ်လုပ်နေရင်း လက်နက်ကြီးကြောင့် သေသွားတာ၊ သူတို့ အိမ်နောက်ဖေးလဲ ပျက်စီးသွားတယ်။ ရွာထဲကိုတမင်ရည်ရွယ်ချက်ရှိရှိပစ်တာ “ ဟု ၎င်းကပြောသည်။
သာယာကုန်းရွာအနီး၊ သဲပုံတောင်၌ စစ်ကောင်စီတပ် တပ်စွဲထားသည်မှာ တစ်နှစ်နီးပါးရှိပြီး အနီးပတ်ဝန်းကျင်သို့ မကြာခဏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ပြုလုပ်လေ့ရှိကြောင်း သဲပုံတောင်အနီးရှိ ဒေသခံတစ်ဦးကပြောသည်။
“ ညဘက်တွေလည်း ပစ်နေကြပဲ၊ အခုက မနက်ခင်းကြီးပစ်ချတာ၊ ပြီးတော့ ဘာတိုက်ပွဲမှလည်းမရှိဘူး။ လူတွေသွားလာနေတဲ့အချိန်ကြီး၊ သဲပုံတောင်မှာရှိတဲ့ စစ်တပ်မှာ အကြီးပိုင်းနေရာအပြောင်းအလဲရှိတယ်လို့ကြားတယ်။ သူရောက်လာပြီးထဲက အခုလို လျှောက်ပစ်နေတာ” ဟု ၎င်းက ရှင်းပြသည်။
ယမန်နှစ် ဇူလိုင် ၁၂ရက်တွင်လည်း လောင်းလုံမြို့နယ်အတွင်းရှိ နခံတောရွာနှင့် ခမောင်းတောင်ရွာကို စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ခမောင်းတောရွာမှ အသက် ၁၇နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သေးသည်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအနှံ့တွင် ခုခံတော်လှန်စစ်များ ဖြစ်ပွားလျက်ရှိပြီး စစ်တပ်အထိုင်ချစခန်းများမှ အနီးအနားဝန်းကျင်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကို ပြုလုပ်လျက်ရှိနေခြင်းကြောင့် ပြည်သူများ သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းများ နေ့စဉ်ဖြစ်ပွားလျက်ရှိသည်။