မကွေးတိုင်း ၊ပေါက်မြို့နယ် အတွင်းရှိ ပျမ ဓာတ်အားခွဲရုံကို ဒရုန်းဖြင့် ဗုံးကြဲခဲ့ရာ လျှပ်စစ်မီးပေးမှု ပြတ်တောက်သွားကြောင်း သိရသည်။
ဧပြီ ၃ ရက်၊ ညနေ ၅နာရီ ခန့်မှ စ၍ ပျမ ဓာတ်အားခွဲရုံကို ဒရုန်း ၄စင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း မြိုင်ပကဖ က သတင်းထုတ်ပြန်သည်။
” အဓိက ကပစ -၂၄ ပါ။ ဒီ မီးဆိုဒ် က ကပစ- ၂၄ လည်ပတ်နေနိုင်တဲ့ အဓိက အကြောင်းပဲ။ အဲဒါကြောင့် ခုလို တိုက်ခိုက်ခဲ့တာပါ ။အ ခု ကပစ -၂၄ က စက်ရုံ လည်ပတ်မှု ရပ်တန့်လိုက်ရတယ် ဆိုတော့ တိုက်ခိုက်မှုလည်း အောင်မြင်တယ်ပြောရမှာပါ့” ဟု မြိုင် ပကဖ အဖွဲ့၀င် တစ်ဦးက ပြောသည်။
ပျမ ဓာတ်အားခွဲ ရုံမှာ ကပစ- ၂၄ အပါအ၀င် ပေါက်နယ် နှင့် ယောနယ် တို့ကိုပါ လျှပ်စစ် မီးပေးထားခြင်းဖြစ်ပြီး တိုက်ခိုက်မှုကြောင့် ဝါယာရှော့ဖြစ်၍ တစ်နယ်လုံး မီးပျက် လျက် ရှိကြောင်း သိရသည်။
“ မနေ့က ညနေကတည်းက မီးပျက်သွားတာ ခုထိ ပြန်မလာသေးဘူး ။ ဘယ်ချိန် ပြန်လာမလဲ မသိရသေးဘူး။ သတင်းတွေ ကြားနေရတာတော့ ၂လလောက်ကို ကြာမယ် ပြောကြတယ် “ ဟု ဒေသခံ တစ်ဦးက ပြောသည်။
ယင်းတိုက်ခိုက်မှုကို မြိုင် ပကဖနှင့် ပေါက် ပကဖ တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
ယင်း တိုက်ခိုက်မှုအပြီး စစ်ကောင်စီ တပ်စွဲ ထားသော မိုးကောင်း တောင်ပေါ်မှ ၆၀ (မမ) လက်နက်ကြီးဖြင့် ပြန်လည် ပစ်ခတ်ခဲ့ရာ ချောင်းကူး ကျေးရွာနေ ပြည်သူ ၁ ဦး သေဆုံး၍ ကေလးငယ် ၁ဦးအပါအ၀င် ၄ဦး ဒဏ်ရာ ရရှိခဲ့သည်။