နေပြည်တော်ကောင်စီနယ်မြေ၊တပ်ကုန်းမြို့မရဲစခန်း ဗုံးခွဲခံရပြီးနောက် လူငယ်အချို့ ဖမ်းဆီးခံရကြောင်း သိရသည်။
ဧပြီ ၂ ရက်၊ နံနက် ၅ နာရီခန့်တွင် တပ်ကုန်းမြို့မရဲစခန်းကို ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှုရှိကြောင်း စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့(နေပြည်တော်)ကသတင်း ထုတ်ပြန်ထားသည်။
“ထိခိုက်မှုတော့ ရှိပါတယ်။အသေးစိတ်ကိုတော့ မသိရဘူးဗျ။ကျနော်တို့ ဗုံးခွဲပြီးတော့ ပစ်ခတ်မှုတွေပြန်လုပ်တာမျိုးရှိပါတယ်။လူငယ်တချို့ကို ဖမ်းဆီးမှုလုပ်တာမျိုးပြုလုပ်တယ်လို့တော့ အကြမ်းဖျင်းသိရပါတယ်ဗျ” ဟု စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့(နေပြည်တော်) ခေါင်းဆောင် ဗိုလ်ဇင်ယော်ကပြောသည်။
တပ်ကုန်းမြို့မရဲစခန်းကိုဗုံးခွဲတိုက်ခိုက်ပြီးနောက် ရဲစခန်းအတွင်းမှ ပြန်လည်ပစ်ခတ်သော်လည်း မြို့ပြပြောက်ကျားရဲဘော်များ ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
ဖမ်းဆီးခံရသောလူငယ်များမှာ တပ်ကုန်းမြို့ခံများဖြစ်ပြီး ၇ဦးထက်မနည်း ဖမ်းဆီးခံထားရကြောင်း သိရသည်။
“အဖမ်းခံရတာတွေရှိတယ်။စစ်ကြောရေးကို ပို့တယ်လို့တော့ မိသားစုတွေဆီက သိရတယ်။ဒီရက်ပိုင်းညဘက် ရဲစခန်းဘက်ကို သွားလို့မရဘူး။စစ်ဆေးတာမျိုးတွေရှိတယ်”ဟု တပ်ကုန်းမြို့ခံတစ်ဦးကပြောသည်။
ယနေ့ (ဧပြီ၊၄ ရက်နေ့)တွင်လည်း နေပြည်တော်စစ်ရုံးချုပ်နှင့်ဧလာလေတပ်ကို PDF ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ရာ အရာရှိများအပါအဝင်စစ်သား ၁၅ ဦးခန့်သေဆုံးခဲ့ကြောင်း Power Of Ababilက သတင်းထုတ်ပြန်ထားသေးသည်။