အဓမ္မစစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက် မြိုင်ပကဖထံသို့ တပ်သား သစ် ၁၀၀ကျော် ဝင်ရောက်လာကြောင်းသိရသည်။
ဆက်သွယ်ဝင်ရောက်လာသူများသည် မန္တလေးတိုင်းဘက်မှ အများဆုံးဖြစ်ပြီး မြိုင်မြို့ပေါ်ရှိ ပြည်သူများမှာ စစ်မှုမထမ်းလို၍ လာရောက်ခိုလှုံသူများသာရှိကြောင်း မြိုင်ပကဖတာဝန်ခံ ဗိုလ်လက်ျာကပြောသည်။
“ ကျနော်တို့ဘက်ကကျ စစ်မှုထမ်းဥပဒေမပြဌာန်းခင်ကတည်းက ဝင်ထားကြတာဆိုတော့ ပြလည်း ဘာမှမထူးဘူး။ စစ်မှုထမ်းဥပဒေထွက်တော့ ဝင်လာတာလည်း များတာပေါ့။ ဒါပေမဲ့ နဂိုကတည်းက ကိုယ့်လူတွေချည်းဖြစ်နေတာ” ဟု ၎င်းကပြောသည်။
မြိုင်ပကဖ ထံသို့ ဝင်ရောက်လာသူများကို စစ်သင်တန်ပေးပြီး လက်နက်ပါ တစ်ခါတည်း တပ်ဆင်ပေးနေကြောင်း ၎င်းကပြောသည်။
အဓမ္မစစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက် မြိုင်မြို့ပေါ်မှ လာရောက်ခိုလှုံသည့် မိသားစု ၃၀၀ကျော်ကိုလည်း နေရာချထားပေးကြောင်း ၎င်းကပြောသည်။
“ မြိုပေါ်က ဝန်ထမ်းတွေပါ ကျနော်တို့ကို ဆက်သွယ်ပြီး ထွက်ပြေးလာတာတွေရှိတယ်” ဟု ၎င်းကပြောသည်။
ပြည်သူလူထုကိုမျက်နှာမူပြီး လုပ်ကိုင်နေသော တော်လှန်ရေးရဲဘော်များကို ငဲ့ညှာသောအားဖြင့် စစ်မှုမထမ်းဘဲ တော်လှန်ရေးနယ်မြေများသို့ လာရောက်ခြင်းသည် အကောင်းဆုံး ဆုံးဖြတ်ချက် ဖြစ်ကြောင်း မြိုင်မြို့နယ်၊ ရပ်ကျေးပကဖတာဝန်ခံတစ်ဦးကပြောသည်။
“ စစ်မှုထမ်းဥပဒေပြဌာန်းပြီး ဒီကာလမှ ဝင်လာတဲ့သူတွေကိုလည်း ထွေထွေးထူးထူးမမြင်ပါဘူး။ ရန်သူဆီပါမသွားဘဲ ကိုယ့်ဘက်ကိုဝင်လာတော့ အကောင်းဆုံးတော့ လုပ်ပေးရတာပေါ့။ တော်လှန်ရေးကို အစကတည်းက မပါခဲ့သည့်တိုင် အခုလိုအရှိန်ကောင်းနေတဲ့ အချိန်မှာ သူတို့(စစ်ကောင်စီ)ဆီ ပါမသွားဘဲ ကျနော်တို့နဲ့ လာပေါင်းတာတော့ အကောင်းဆုံးပါပဲ” ဟု ၎င်းကပြောသည်။
စစ်မှုမထမ်းလိုသူများအနေဖြင့် မြိုင်ပကဖထံ တပ်သားအဖြစ်ဝင်ရောက်ကာ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်နိုင်သလို ခိုလှုံသူအနေဖြင့်လည်း လာရောက်ခိုလှုံနိုင်ကြောင်း သိရသည်။