မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကူးမြို့နယ်ရှိ ဟင်းသားကြီးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က နေအိမ်များကို မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၁၃လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရ သည်။
ယမန်နေ့ (ဧပြီ ၃ ရက်)၊ ည ၁၁ နာရီခွဲခန့်တွင် မန္တလေး – ဗန်းမော်ကားလမ်းမဘေး၊ ရွာသာယာပျူစောထီးကျေးရွာမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်သည် ဟင်းသာကြီးကျေးရွာအတွင်းသို့ ပစ်ခတ်ဝင်ရောက်၍ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။
“ တိုက်ပွဲမရှိဘဲနဲ့ သပ်သပ်ဝင်ရှို့တာပါ၊ ဟင်းသာကြီးရွာတောင်ဘက်ပိုင်းကနေ စပြီးရှို့တာ၊ အိမ် ၁၃ လုံး မီးထဲပါသွားတယ်။ မီးရှို့ပြီး ရွာသာယာပျူစောထီးရွာထဲကို ပြန်ဝင်သွားတယ်” ဟု ဖြစ်စဥ်ကို သိရှိသူ စဥ့်ကူးဒေသခံ အမျိုးသားတစ်ဦးက MPA သို့ ပြောသည်။
လက်ရှိတွင် ဟင်းသာကြီးကျေးရွာမှ ပြည်သူများသည် ကျေးရွာအတွင်းသို့ ပြန်လည်ရောက်ရှိနေကြပြီး၊ ရှင်းလင်းရေးများ လုပ်ဆောင်နေကြကြောင်း သိရသည်။
“ မနေ့ညကတော့ အကုန်လုံးပဲ ထွက်ပြေးကြတာပေါ့၊ ဘာပစ္စည်းမှတောင် မယူနိုင်ပါဘူး။ အိမ်တွေ မီးထဲပါသွားတာကိုပဲ ကြည့်နေရတယ်။ အခုမနက်(ဧပြီ ၄ ရက်) တော့ ရွာထဲ ပြန်ဝင်ကြပါပြီ” ဟု ဟင်းသာကြီးကျေးရွာမှ အမျိုးသားတစ်ဦးက ပြောသည်။
လက်ရှိ ရွာသာယာပျူစောထီးကျေးရွာ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီး စုစုပေါင်းအင်အား ၅၀ ကျော် နေထိုင်လျက်ရှိပြီး၊ အဆိုပါ ပျူစောထီးကျေးရွာသည် စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ဗန်းမော်၊ ကသာနှင့် ထီးချိုင့်မြို့များသို့ ရိက္ခာပို့ရာ၌ တစ်ထောက်နားသည့်နေရာဖြစ်ကြောင်း သိရသည်။
စဥ့်ကူးမြို့နယ်သည် စစ်ကောင်စီတပ်အား လက်နက်ကိုင်ပြန်လည်ခုခံရာတွင် အင်အားကောင်းသည့် မြို့နယ်တစ်ခုဖြစ်ပြီး၊ မန္တလေးမြို့အရှေ့ခြမ်း၊ ဧရာဝတီမြစ်အနောက်ဘက်ခြမ်း၊ မတ္တရာ၊ သပိတ်ကျင်းနှင့် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ ကျေးရွာများနှင့် ထိစပ်လျက်ရှိနေသည်။
“ စစ်ကောင်စီတပ်က ကုန်းကြောင်း၊ ရေကြောင်းနဲ့ တိုက်ခိုက်တာ၊ ဒရုန်းတွေလည်း အသုံးပြုလာကြတယ်။ ပြည်သူတွေကိုလည်း မထင်သလို သတ်ဖြတ်နေကြတယ်၊ ကိုယ့်အိမ် ကိုယ့်ယာမှာဘဲ နေချင်တာပေါ့” ဟု စဥ့်ကူးမြို့နယ်မှ မန္တလေးမြို့ပေါ်သို့ လာရောက်နေထိုင်သူအမျိုးသမီးတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် မတ် ၃၁ ရက်တွင် စစ်ကောင်စီတပ်မှ စဥ့်ကူးမြို့နယ်၊ ခက်သင်ကျေးရွာသို့ လက်နက်ကြီးသုံးလုံးပစ်ခတ်မှုကြောင့် ၁၀နှစ်အောက် ကလေးငယ်နှစ်ဦးအပါအဝင် လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။