ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းတို့ကို ဆက်သွယ်ထားသော အမ်း-ပဒါန်းကားလမ်းမအား ရက္ခိုင့်တပ်တော်က ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်ပြီးနောက် အမ်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ တောဟိန်းတောင် ဗျူဟာကို ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ရက္ခိုင့်တပ်တော်ထံက သိရသည်။
အမ်းမြို့နယ်အတွင်း ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ ပြီးခဲ့သည့် မတ်လ ၂၆ ရက်မှ စတင်ကာ နှစ်ဖက်တိုက်ပွဲများဖြစ်ပွားနေပြီးနောက် ဧပြီ ၂ ရက်တွင် အမ်း-ပဒါန်းကားလမ်းကို ပိတ်ကာ တောဟိန်းတောင်ဗျူဟာကုန်းကို ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်နေခြင်းဖြစ်သည်။
“တောဟိန်းတောင် အမြှောက်စခန်းက အရင်တုန်းကဆို လက်နက်ကြီးတွေနဲ့ပစ်လို့ ပြည်သူတွေ အမြောက်အများ ဒုက္ခရောက်တာတွေ ရှိတယ်။ ဒေသခံတွေဆို လက်နက်ကြီးတွေထိလို့ မျက်လုံးတွေ ကန်းတာ၊ ခြေလက်တွေ မစုံတော့တာတွေရှိတယ်။ ပြည်သူတွေအပေါ်ကို ရာဇဝတ်မှုတွေ မကျူးလွန်တဲ့ စစ်သားဆိုတာ မရှိသလောက်ပဲ။ လုံခြုံမှုကတော့ မရှိဘူး။ ဒေသခံတွေကတော့ လွတ်ရာကို ရှောင်တိမ်းနေကြပါတယ်” ဟု အမ်းဒေသခံတစ်ဦးက ရှင်းပြသည်။
စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိသော အမ်းမြို့နယ်တွင် နပခဌာနချုပ် အမတ ၃၇၄၊ စကခ ၅ လက်အောက်ခံတပ်ရင်းများဖြစ်သော ခမရ ၃၇၁၊ ၃၇၂နှင့် ၃၇၃ တို့အပြင် စစ်ကောင်စီ၏ တပ်စခန်းအချို့ရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
“ရက္ခိုင့်တပ်တော်ကတော့ ဘယ်နေရာ ဘယ်စခန်းကိုမဆို သိမ်းပိုက်တယ်ဆိုရင် အောင်မြင်နေတာက များပါတယ်။ အခုဆိုရင်လည်း တောဟိန်းတောင်စခန်းကို ထိုးစစ်ဆင်နေတာမှာ အောင်မြင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ပြည်သူကို ဒုက္ခပေးနေတဲ့ ဒီစခန်းကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်လိုက်ရင်တော့ ပြည်သူတွေ အေးအေးချမ်းချမ်း ရှိလိမ့်မယ်လို့ ယုံကြည်တယ်။ သိမ်းပိုက်လို့ ရမယ်ဆိုတာလည်း ယုံကြည်တယ်” ဟု ရခိုင်ဒေသခံတစ်ဦးက ဆိုသည်။
အမ်းမြို့နယ်တွင် မတ် ၂၄ ရက်မှစတင်ပြီး စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကာ AA ရှိနေသည့် နေရာသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတိုက်ခိုက်သလို မတ် ၆ ရက်နေ့ နံနက်ပိုင်းတွင်လည်း အမ်းမြို့နယ်၊ လုံးကျေးရွာ အနောက်ဘက်တွင် တောင်ကုတ်အခြေစိုက် စကခ (၅) လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ (၃၄၆) ပါဝင်သည့် စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။
“ ပြည်သူကို ဒုက္ခပေးနေတဲ့ဟာကို ရက္ခိုင့်တပ်တော်က တိုက်ခိုက်တဲ့သဘောဖြစ်တယ်။ တိုက်ပွဲတစ်ခုမှာဆိုလို့ရှိရင် ပြည်သူကို ကိုယ်စားပြုပြီး တိုက်တဲ့ တိုက်ပွဲဖြစ်တဲ့အတွက် ပြည်သူတွေကို ဒုက္ခပေးနေတဲ့ ဗျူဟာကုန်းတွေကို ULA/AA က တိုက်ခိုက်နေတာ။ ဒီဗျူဟာကုန်းကနေပြီး ပစ်ခတ်လို့ ခြေလက်အင်္ဂါတွေ ပျက်စီးတာတွေလည်း အများအပြားရှိတယ်။ Criminal case တွေရော စစ်ရာဇဝတ်မှုတွေအပြင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အများကြီး ရှိတယ်” ဟု လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူ တစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်တွင် ၁၇ မြို့နယ်ရှိသည့်အနက် မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင် စသည့် ရခိုင်ပြည်နယ်အတွင်းမှ ၈ မြို့နယ်အပြင် ပလက်ဝဒေသတို့ကို သိမ်းပိုက်ထားသည့် ရက္ခိုင့်တပ်တော်က စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိရာ အမ်းတွင်လည်း ထိုးစစ်အသစ်ကို ပြီးခဲ့သည့် မတ်လကတည်းကပင် စတင်လိုက်ခြင်းဖြစ်သည်။