အဓမ္မစစ်မှုထမ်းဥပဒေထွက်ပေါ်လာပြီးနောက် နေပြည်တော်ပကဖထံသို့ ဝင်ရောက်ကာ စစ်ကောင်စီ ကိုတိုက်ခိုက်ရန် လူငယ်ရာနှင့်ချီ ဆက်သွယ်ကြသော်လည်း စားစရိတ်အခက်အခဲကြောင့် ၂၀ ကျော်သာ လက်ခံထားနိုင်သေးကြောင်း သိရသည်။
နေပြည်တော်ပကဖ သည် ကိုယ်ထူကိုယ်ထတပ်ရင်းဖြစ်သောကြောင့် အလှူရှင်တို့၏ ထောက်ပံ့မှု ဖြင့်သာ ရပ်တည်နေရကာ ဆက်သွယ်လာသမျှ လူငယ်များအား လက်ခံရန် အခက်အခဲရှိ ကြောင်း နေပြည်တော် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ စစ်ရေးတာဝန်ခံ ဗိုလ်တေဇက ပြောသည်။
“ ကျွန်တော်တို့ဆီကိုလာဖို့ ဆက်သွယ်လာတဲ့ ပြည်သူတွေက ၁၀၀ကျော်ရှိပါတယ်။ဒါပေမယ့် ကျွန်တော်တို့က ကိုယ်ထူကိုယ်ထတပ်ရင်းဖြစ်တဲ့အတွက် ရဲဘော်တွေအတွက်လည်း အလှူရှင်တွေ ထောက်ပံ့မှ စားစရိက်ကရတော့ အများကြီး ခေါ်မထားနိုင်တဲ့အခက်အခဲရှိနေတာပေါ့။နေစရာပေးနိုင်ပေမယ့် စားစရိတ်အခက်အခဲကြောင့် ၂၀ ကျော်ပဲ ခေါ်နိုင်တာပါ” ဟု ၎င်းက ပြောသည်။
နေပြည်တော်ပကဖ ရဲဘော်များနှင့် နီးစပ်သော လူငယ်၂၀ကျော်ကို ရွေး ချယ်ခေါ်ယူကာ စစ်သင် တန်း ပေးနေပြီဖြစ်ကြောင်း နေပြည်တော်ပကဖ ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“ ရဲဘော်ဟောင်းတွေရဲ့ ပက်သက်ရာ ပက်သက်ကြောင်းတွေပဲ ဦးစားပေးခေါ်ထားတာပါ။ရဲဘော်ဘားတိုက်မှာပဲ ရဲဘော်ဟောင်းတွေက ဦးဆောင်ပြီး အခြေခံ လေ့ကျင့်မှုတွေလုပ်ပေးနေပါတယ်။အဲ့ရဲဘော်သစ် ၂၀ကျော်ထဲမှာ အမျိုးသမီးစစ်သည် ၂ဦးပဲ ပါပါတယ်” ဟု ၎င်းက ပြောသည်။
နေပြည်တော်ရှိ စစ်မှုမထမ်းလိုသည့် ပြည်သူများစွာတို့သည် အခြားမြို့နယ်များသို့ ထွက်ပြေးတိမ်းရှောင်ကြကြောင်း နေပြည်တော်နေ ပြည်သူတစ်ဦးက ပြောသည်။
“ စစ်မှုထမ်းရတာက ပထမအကြိမ် လူရွေးမပါလည်း ဒုတိယအကျော့ လာဦးမှာဆိုတော့ စစ်မှုမထမ်းလိုသူတွေက ပြေးနေကြပြီ။နေပြည်တော်မှာဆို အများအားဖြင့် ရှမ်းတောင်နဲ့ ကရင်နီဘက်သွားပြီး ခိုလှုံကြတာများတယ်။တခြားမြို့တွေက အမျိုးတွေဆီသွားပြီး ပြည်ပထွက်ဖို့ ပြင်တာလည်း ရှိတယ်” ဟု ၎င်း ကပြောသည်။
ဧပြီ ၁ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံနေပြည်တော် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ရဲဘော်သစ်များ အတွက် ယူနီဖောင်း နှင့် ဘက်တံဆိပ် ပေးအပ်ပွဲ အခမ်းအနား ကို ပြုလုပ်ခဲ့သည်။