ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်ရှိ မိုးလုံးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ကလေးငယ်တစ်ဦးအပါအဝင် ခြောက်ဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ယမန်နေ့ (ဧပြီ ၂ ရက်)၊ ညနေ ၆ နာရီခွဲခန့်တွင် တံတားဦးလေတပ်မှ တက်လာသည့် စစ်ကောင်စီတပ်၏ ဂျက်ဖိုက်တာလေယာဥ်ဖြင့် မိုးလုံးကျေးရွာသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ တိုက်ပွဲလည်း မရှိပါဘူး၊ အဲ့ဒါကို လာပစ်တာ၊သေဆုံးသွားတဲ့ ခြောက်ယောက်ထဲမှာမှ အငယ်ဆုံးကလေးလေးက ကိုရင်ဝတ်နေတာ၊ ၇ နှစ်ပဲ ရှိသေးတယ်။ ဒဏ်ရာရတဲ့သူတွေလည်း အတော်စိုးရိမ်ရတယ်။ အိမ်ခြေ ဆယ်လုံးကျော်ပါသွားတယ်။ ဖုန်းလိုင်းလည်း ဖြတ်ခံရလိုက်၊ ပြန်ရလိုက် ဖြစ်နေတယ်” ဟု မဘိမ်းကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက MPA သို့ ပြောသည်။
စစ်ကောင်စီတပ်မှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူများသည် အသက် ၂၇ နှစ်အရွယ်ရှိ ကိုတိမ်ယံမိုး၊ ၃၆ နှစ်အရွယ်ရှိ ကိုနိုင်ဝင်းချို၊ ၃၇ နှစ်အရွယ်ရှိ ကိုချစ်ထွေး၊ ၁၆ နှစ်အရွယ်ရှိ ကိုငါးလက်မ(ခ) ကိုလင်းခန့်ပိုင် ၊ ဦးဇင်းတစ်ပါးနှင့် ခုနှစ်နှစ်အရွယ်ကလေးငယ်တစ်ဦးတို့ဖြစ်ပြီး၊ ဒဏ်ရာရရှိသူများမှာ ကိုရှမ်းမင်းမောင်၊ ကိုဇေယျထင်၊ ကိုချော၊ ဒေါ်ရှုအူနှင့် ကိုအောင်ဘိုတို့ ဖြစ်သည်။
“ ဗုံးကြဲတာ ဘုန်းကြီးကျောင်းထဲလည်း ကျတယ်။ ဆုံးသွားတဲ့ ဦးဇင်းက မန္တလေးကျောင်းကနေ မိုးလုံးရွာကို ရောက်နေတဲ့ အာဂန္တု ဦးဇင်းပါ” ဟု ဖြစ်စဥ်ကို သိရှိသူအမျိုးသမီးတစ်ဦးက ရှင်းပြသည်။
လက်ရှိတွင် မိုးလုံးကျေးရွာမှ ဒေသခံပြည်သူအများစုမှာ ဘေးလွှတ်ရာနေရာများသို့ တိမ်းရှောင်လျက်ရှိပြီး၊ မဘိမ်းမြို့ပေါ်တွင်လည်း စစ်ကောင်စီတပ်မှ လေယာဥ်များ ပျံဝဲနေလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
“ မဘိမ်းမြို့ပေါ်မှာလည်း မနက်ကတည်းက လေယာဥ်တွေ ဝဲနေတာ၊ ဖုန်းလိုင်း အဆင်မပြေဘူး။ ဆေးရုံတော့ဖွင့်ထားကြတယ်” ဟု မဘိမ်းမြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။
မဘိမ်းမြို့နယ်သည် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းတို့နှင့် ထိစပ်နေသည့် မြို့နယ်တစ်ခုဖြစ်ပြီး၊ မန္တလေး – မြစ်ကြီးနားကားလမ်းပေါ်တွင် တည်ရှိသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်တွင် မဘိမ်းမြို့နယ်ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်ဖွဲ့များမှ သိမ်းပိုက်နိုင်ခဲ့ပြီး၊ ဖေဖော်ဝါရီ ၂၈ ရက်တွင် မဘိမ်းမြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာခဲ့သည်။