ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ရှိ မြစ်နားကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အမျိုးသမီး ၃ ဦးသေဆုံးကာ ဒေသခံအများအပြား ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
စစ်ကောင်စီက ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဧပြီလ ၃ ရက်၊ နံနက် ၄ နာရီအချိန်တွင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အသက် ၅၀ အရွယ်အမျိုးသမီးတစ်ဦး၊ အသက် ၂၀ ကျော်အရွယ်အမျိုးသမီး ၂ ဦးတို့ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အရုဏ်အချိန်မှာ ဗုံးလာကြဲတာ။ လူခြေတိတ်နေပြီး အကုန်လုံးအိပ်နေကြတဲ့အချိန်ကြီးမှာ လာကြဲသွားတာ။ ရွာသား ၃ ယောက်သေတယ်။ တခြား ထိခိုက်ဒဏ်ရာရတာတွေလည်းရှိတယ်။ စာရင်းအတိအကျတော့ မသိရသေးပေမယ့် ၁၀ ယောက်ထက်တော့ မနည်းဘူး”ဟု မင်းပြားဒေသတွင်း လူမှုကူညီရေးလုပ်ကိုင်ပေးနေသူတစ်ဦးက ရှင်းပြသည်။
ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ထားသော မင်းပြားမြို့နယ်၊ မြစ်နားရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာများအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှုရှိသလို လူနေအိမ်အများအပြားလည်း ပျက်စီးခဲ့ကြောင်း ဒေသခံများကဆိုသည်။
“ရွာမှာက ဆေးကုပေးနေတဲ့ အရပ်ဘက်ဆေးခန်းတစ်ခုရှိတယ်။ လက်နက်ကြီးကျလို့ ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ကုသပေးနေတဲ့ ဆေးခန်း။ အဲ့ဒီကိုလာပြီး ဗုံးကြဲတာမှာ မထိဘဲနဲ့ ရွာထဲကိုကျတာ။ ဒေသခံတွေကတော့ တချို့တွေက ရွာမှာမနေတော့ဘဲ တခြားကို ပြောင်းနေကြတယ်။ ထိခိုက်တဲ့သူတွေကိုတော့ အရပ်ဘက်ဆေးခန်းမှာပဲ ဆေးကုပေးနေတယ်”ဟု မင်းပြားဒေသခံတစ်ဦးကဆိုသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်ရှိသော မင်းပြားမြို့ကို ရက္ခိုင့်တပ်တော်က ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ ရက်က သိမ်းပိုက်ထိန်းချုပ်ထားခဲ့ပြီးနောက် မင်းပြားမြို့ကို လက်လွှတ်လိုက်ရသော စစ်ကောင်စီသည် ဖေဖော်ဝါရီ ၂၆ ရက်မှ စတင်ကာလေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို နေ့စဉ်ပြုလုပ်နေခြင်းဖြစ်သည်။
“မင်းပြားက အများဆုံး တိုက်ခိုက်ခံရတယ်လို့ ပြောလို့ရတယ်။ သေကန်ရွာကို စပြီးဗုံးကြဲတယ်။ အမ်းသား၊ သာဒါရွာစသဖြင့် မင်းပြား ပတ်ဝန်းကျင်မှာရှိတဲ့ နေရာတွေကို ဗုံးကြဲတိုက်ခိုက်နေတာက ပြည်သူတွေကို တမင်ရည်ရွယ်ချက်ရှိရှိနဲ့ သေကြေပျက်စီးအောင် တိုက်ခိုက်နေတာပဲ ဖြစ်တယ်။ ဒီလိုလုပ်ဆောင်ချက်တွေက မြန်မာစစ်ကောင်စီရဲ့ သူရဲဘောကြောင်တဲ့ အလုပ်ကို လုပ်တယ်လို့ ပြောချင်ပါတယ်။ ပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်လို့ လူတွေသေတိုင်း၊ ထိခိုက်ဒဏ်ရာရတိုင်းဟာ စစ်ကောင်စီအနေနဲ့ စစ်ရာဇဝတ်မှုကို ကျူးလွန်ချိုးဖောက်နေတာပဲဖြစ်တယ်။ ဒီလိုကျူးလွန်မှုတွေက အကြိမ်ရေတွေ များလာမယ်ဆိုရင်တော့ လူမျိုးတုန်းသတ်ဖြတ်မှုဆိုတာမျိုးကို ဖြစ်လာစေတာပေါ့” ဟု လူ့အခွင့်အရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၂ ရက်ကလည်း စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ရှိ အရပ်သား ၃ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့သလို စစ်တွေမြို့မှ လှမ်းပစ်ခတ်သော လက်နက်ကြီးကြောင့်လည်း ပေါက်တောမြို့နယ် မော်ထုတ်ကြီးကျေးရွာက အရပ်သား ၉ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။