ရခိုင်ပြည်နယ်၊ အမ်းမြို့နှင့် မကွေးတိုင်းတို့ကို ဆက်သွယ်ထားသော အမ်း-ပဒါန်းကားလမ်းတွင် တိုက်ပွဲများ စတင်ဖြစ်ပွားလာပြီဖြစ်သောကြောင့် အဆိုပါလမ်းအား အကန့်အသတ်မရှိ ပိတ်ထားလိုက်ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော်က ယနေ့တွင် အရေးပေါ်ထုတ်ပြန်လိုက်သည်။
ပြီးခဲ့သည့် မတ်လ ၂၆ ရက်မှ စတင်ကာ ရခိုင်ပြည်နယ်၊ အမ်းမြို့နှင့် မကွေးတိုင်းအကြားတွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့သလို လက်ရှိချိန်ထိလည်း ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သောကြောင့် အမ်း-ပဒါန်းကားလမ်းအား အကန့်အသတ်မရှိ ပိတ်လိုက်ရခြင်းဖြစ်ကြောင်း သိရသည်။
“စစ်ရေးအနေနဲ့ လိုအပ်ချက်ကြောင့် ကားလမ်းတွေကို ပိတ်တာပါ။ တစ်ဖက်(စစ်ကောင်စီ)က ရခိုင်ပြည်နယ်ထဲကို စစ်ကူတွေတင်ပို့ပြီး ပြည်သူကို ဒုက္ခရောက်အောင်လုပ်မှာကို ကြိုတင်ကာကွယ်လိုက်တာလို့ ပြောလို့ရတယ်။ ULA/AA ရဲ့ အခုလိုလမ်းပိတ်ဆို့မှုက စစ်ကောင်စီရဲ့ ပိတ်ဆို့မှုနဲ့တော့ ကွာခြားပါတယ်။ ULA/AA ရဲ့ ပိတ်ဆို့မှုတွေဟာ ပြည်သူတွေကို ထိခိုက်နစ်နာမှုတွေ မဖြစ်စေလိုတဲ့ ဆန္ဒနဲ့ ပိတ်ပင်တာ၊ စစ်ကောင်စီက ပိတ်ဆို့လိုက်ပြီဆိုရင် ပြည်သူတွေကို ထိခိုက်နစ်နာစေတာ။ သူတို့(စစ်ကောင်စီ)ဘက်က ပိတ်ပင်လိုက်ပြီဆိုရင် ပြည်သူတွေကို စစ်ဆေးမယ် အကြောင်းမဲ့ဖမ်းဆီးမယ် စသဖြင့် လုပ်ဆောင်ချက်တွေကို လုပ်ကြတယ်။ ဒါတွေဟာလည်း ရှေ့မှာ သာဓကတွေ ရှိခဲ့ပါတယ် ”ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။
အများပြည်သူများသွားလာသည့် လမ်းများအနက် အမ်းမြို့နှင့် မကွေးတိုင်းတို့ကို ဆက်သွယ်ထားသော ကားလမ်းများတွင် စစ်ကောင်စီသည် စစ်အင်အားတိုးချဲ့ခြင်း၊ တပ်ရွှေ့ပြောင်းခြင်း၊ ရိက္ခာနှင့် စစ်လက်နက်ခဲယမ်းများကို အရပ်သားကားများဖြင့် သယ်ဆောင်ခြင်းတို့ကို လုပ်ဆောင်နေကြောင်း သိရသည်။
ထို့အတူ ယင်းကားလမ်းများ၏ လမ်းဘေးဝဲယာတစ်လျှောက်တွင်လည်း စွန့်လွှတ်မိုင်းများ ထောင်ထားခြင်းတို့ကို ပြုလုပ်လျက်ရှိနေကြောင်း ရက္ခိုင့်တပ်တော် နိုဗာ (၁)စစ်ဒေသ၏ အရေးပေါ်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ကားလမ်းမကို ပိတ်ပင်တယ်ဆိုတာကတော့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားကတည်းကနေပြီးတော့ ပိတ်ထားတာပေါ့။ ထုတ်ပြန်ချက်တွေနဲ့ အမိန့်ကြော်ညာစာတွေ မထုတ်ပြန်ဘဲနဲ့ ပိတ်ပင်ထားခဲ့တာမျိုး။ အခုလည်း လမ်းကို ပိတ်ဆို့တယ်ဆိုတော့ ရခိုင်ပြည်နယ်ထဲကို ဝင်လာမယ့် စားကုန်တွေနဲ့ အခြားကုန်စည်တွေ တင်ပို့လို့ မရတော့ဘူးပေါ့။ သွားရေးလာရေး အခက်အခဲတွေလည်းရှိသလို စားရေးသောက်ရေးအတွက်လည်း အခက်အခဲဖြစ်တာပေါ့”ဟု အမ်းဒေသခံတစ်ဦးက ပြောသည်။
နိုင်ငံအနှံ့ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများအပေါ် စစ်ရေးအရ အရှုံးနှင့် ရင်ဆိုင်နေရသော စစ်ကောင်စီသည် စစ်ရေးတွင်သာမက သံတမန်ရေးရာမျက်နှာစာများတွင်လည်း ဆက်တိုက်ရှုံးနိမ့်နေသည့်တိုင် ပြည်သူများအပေါ် အကြမ်းဖက်သည့် လုပ်ရပ်၊ သတ်ဖြတ်သည့်လုပ်ရပ်အပါအဝင် စစ်ရာဇဝတ်မှုများကို ကျူးလွန်သည့်လုပ်ရပ်များအား ဆက်တိုက်ကျူးလွန်လာနေကြောင်း ရက္ခိုင့်တပ်တော် နိုဗာ (၁)စစ်ဒေသ၏ အရေးပေါ်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“မြန်မာပြည်အလမ်းပိုင်းနဲ့ ရခိုင်ကိုဆက်သွယ်တဲ့ ကားလမ်းပေါ့။ ဒီလမ်းကလည်း ကုန်စည် စီးဆင်းဖို့အတွက် အဓိကအရေးပါတဲ့ လမ်းမကြီးလို့ ပြောလို့ရတယ်။ ဒီလမ်းကို ပိတ်ဆို့လိုက်တဲ့အချိန်မှာ ရခိုင်ဒေသခံအတွေအနေနဲ့က ဒုက္ခတွေ ရောက်နိုင်တာပေါ့။ အမ်းလမ်းကို ပိတ်လိုက်ရင် တောင်ကုတ်လမ်းဘက်က သွားလို့ရပေမယ့် ဒီအမ်းလမ်းက လွယ်လွယ်ကူကူသွားလို့ရတဲ့ လမ်းပေါ့။ အခုလို ပိတ်ဆို့လိုက်တာကတော့ ပြည်သူတွေကိုပဲ ပိုပြီးထိခိုက်နစ်နာစေမှုတွေ ဖြစ်လာနိုင်တာပေါ့”ဟု လူ့အခွင့်အရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။
စစ်ကောင်စီအနေဖြင့် ပြည်သူလူထုအား စစ်မှုမထမ်းမနေရဥပဒေကို ခုတုံးလုပ်ကာ လူသားဒိုင်းကာအဖြစ် အသုံးပြုခြင်းနှင့် ပြည်သူလူထုအတွင်းသို့ အကြောက်တရားများ ထိုးသွင်းခြင်းတို့ကိုလည်း ဆက်တိုက်လုပ်ဆောင်လျက်ရှိနေကြောင်း ရက္ခိုင့်တပ်တော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။