ယခုလ ၃ ရက်နေ့က သဃ်န်းကျွန်း မြို့နယ်၊ ဗိုလ်ကံညွန့်ရပ်ကွက်မှ အဖမ်းခံလိုက်ရသူများမှတစ်ဆင့် လူငယ်အချင်းချင်း ဆက်သွယ်နေသော Zello အမည်ရှိ ဆက်သွယ်ရေး ကွန်ရက်ကို အသုံးပြုသူ လူငယ် ၃၀ ကျော် ထပ်မံ အဖမ်းခံထားရကြောင်း ၎င်းတို့နှင့် နီးစပ်သူများထံမှ သိရသည်။
၎င်းတို့အား PDF ဟုစွပ်စွဲထားကာ ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု လှုပ်ရှားနေသဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။
” သဃ်န်းကျွန်း Zello Channel က တစ်ယောက်ပါသွားပြီး နောက်ထပ်လည်းပါတယ်။ လိုက်နေတာတွေလည်းရှိတယ်။ အဲတော့ Channel နဲ့ ချိတ်ဆက်ထားသူတွေ အမြန်ထွက်ဖို့လိုတယ် ” ဟု ယင်းကွန်ရက်ကိုအသုံးပြုနေသည့် လူငယ်တစ်ဦးကဆိုသည်။
ရန်ကုန်မြို့တွင် အကြမ်းဖက် စစ်ကောင်စီက အဆိုပါ ကွန်ရက်မှတစ်ဆင့် ဆက်လက် အသုံးပြုကာ စမ်းချောင်းမြို့နယ်၊ သန်လျင်မြို့နယ်၊ သာကေတ မြို့နယ်ရှိ လူငယ်အချို့ကို ထပ်မံဖမ်းဆီးလိုက်ကြောင်းသိရသည်။
စစ်ကောင်စီတပ်များအနေဖြင့် ယခုလအတွင်း ရန်ကုန်မြို့တွင်ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေပြီး ဖမ်းဆီးခံရသူ ၁၀၀ နီးပါးရှိပြီဖြစ်ကြောင်း သိရသည်။