ကရင်ပြည်နယ်၊ သံတောင်မြောက်ပိုင်း(အထူးဒေသ) လိပ်သိုလ်မြို့နယ်၊ လမ်းကူးရွာက ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ကလေး ၄ မြွှာပူး မွေးဖွားစဉ် မိခင်နှင့် ကလေး ၂ ဦးသေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။
အကြာခဏစစ်ဘေးရှောင်ရသည့် အဆိုပါကိုယ်ဝန်ဆောင်အမျိုးသမီးသည် မတ်လ ၂၉ ရက်၊ ည ၇ နာရီဝန်းကျင်က မီးဖွားခဲ့ခြင်းဖြစ်ပြီး နောက်ဆုံးကလေးမွေးဖွားစဉ် မိခင်ပါသေဆုံးသွားခြင်းဖြစ်ကြောင်း အသက် ၄၀ အရွယ် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“အခုတောင်ပြန်ရောက်တာ မကြာသေးဘူး။ ကောင်မလေးက စီးပွားရေးလည်း မပြေလည်ဘူး။ ရွာက ရိုးရိုးလက်သည်နဲ့ပဲ မွေးတာ၊ ဆေးခန်းတွေဘာတွေလည်းမပြနိုင်ဘူး။ ၃ ယောက်မွေးပြီး ဗိုက်ထဲက တစ်ယောက်ကျန်တဲ့ အချိန်ဆုံးသွားတာ၊ မွေးပီုးတဲ့အထဲက တစ်ယောက်ကလည်းနောက်နေ့(မတ်လ ၃၀ရက်)မှာ ထပ်ဆုံးသွားတယ်၊ မိန်းကေလးပဲ။ အခုကျန်ခဲ့တာက မိန်းကလေး ၂ ယောက်” ဟု ၎င်းက ရှင်းပြသည်။
အသက်ရှင်ကျန်ရစ်သည့် ကလေးငယ် ၂ ဦးအား ပရဟိတအသင်းသားများက ယနေ့(ဧပြီ၁)ရက်တွင် လာရောက်ခေါ်ဆောင်သွားကြောင်း မိသားစုနှင့် နီးစပ်သည့် အမျိုးသားတစ်ဦးက ဆက်လက်ပြောသည်။
“ကလေးတွေက အသက်ရှင်ဖို့မလွယ်ဘူး။ သေးသေးလေးတွေ၊ ၂ ပေါင်လောက်ပဲရှိမယ်။ တောင်ငူဆေးရုံက ဆရာဝန်တွေပြောတာတော့ အသက်ရှင်ဖို့ ၂၀ ရာခိုင်နှုန်းလောက်ပဲရှိတယ်တဲ့၊ ရန်ကုန်ဆေးရုံတို့နေပြည်တော်တို့ကိုအမြန်လွှတ်တယ်၊ အသက်ရှင်မလားတော့မသိဘူး။ ပရဟိတကအစ်ကိုတွေ ရန်ကုန်ဆေးရုံတင်သွားပြီ ကြားတယ်” ဟု ၎င်းကဆိုသည်။
မီးဖွားစဉ် သေဆုံးသွားခဲ့သည့်အမျိုးသမီးသည် အသက် ၃၀ ဝန်းကျင်ခန့်သာရှိသေးပြီး ကိုယ်ဝန်ဆောင်နေချိန်ကာလအတွင်း ၎င်းတို့ဒေသတွင်ဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် ၃ ကြိမ်ခန့်ဘေးလွတ်ရာသို့တိမ်းရှောင်ခဲ့ရကြောင်း သိရသည်။
“ပုံမှန်ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုက ကျန်းမာရေးဝန်ထမ်း၊ သားဖွားဆရာမ သို့မဟုတ် သူနာပြုနဲ့တော့အနည်းဆုံးပြရမှာ၊ ၄ မြွှာဆိုပိုပြီးကိုဂရုစိုက်ရတာ၊ အခုက ကလေးတွေလည်းလစေ့မှာမဟုတ်လောက်ဘူး။ ပုံမှန်မဟုတ်ဘူးလေ၊ အခုက စစ်ရှောင်နေရတော့ ဒါမျိုးတွေ လုပ်ဖြစ်မှာမဟုတ်ပါဘူး။ အမြွှာမှန်းတောင်သိမှာမဟုတ်ဘူး။ ရှားပါးမြွှာလေးတွေ ဝမ်းနည်းဖို့ကောင်းတယ်၊ ကျွန်မတို့လည်း အခုစစ်ရှောင်တွေဒါမျိုးတွေမဖြစ်အောင် အခြေခံကျန်းမာရေးစောင့်ရှောက်မှုတွေပေးနိုင်အောင်ကြိုးစားနေပါတယ်”ဟု CDM ဆရာဝန် ဒေါက်တာယုကီ(Yuki)က ဆိုသည်။
အဆိုပါအမျိုးသမီးသေဆုံးချိန်တွင် ၎င်း၏အမျိုးသားနှင့်အတူ အသက် ၇ နှစ်အောက် ကလေးငယ် ၃ ဦးကျန်ရစ်ခဲ့ကြောင်း ရွာခံများကဆိုသည်။