မန္တလေးတိုင်း၊ ပုသိမ်းကြီးမြို့နယ်၊ နန်းဦးလွင်ကျေးရွာအုပ်စုနှင့် ကန်ကောက်ရွာရှိ အိမ်ခြေ ၂၀၀၀ နီးပါးကို စစ်ကောင်စီက ဧပြီ ၄ ရက် နောက်ဆုံးထားဖယ်ရှားပေးရန် အသိပေးစာများပေးသွားကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါအိမ်ခြေများသည် ၂၃၀ ကေဗွီ ရွှေစာရံ-အောင်ပင်လယ် မဟာဓာတ်အားလိုင်း၏ Right of way ဧရိယာအတွင်းကျရောက်နေပြီး မဟာဓာတ်အားလိုင်းသတ်မှတ်နယ်မြေအတွင်း ဆောက်လုပ်မှုများသည် ခွင့်ပြုချက်မရှိ၊ ကျူးကျော်အဆောက်အဦးများဖြစ်သည်ဟုဆိုကာ သတ်မှတ်ထားသည့်ရက်အတွင်း အပြီးတိုင်ဖယ်ရှားပေးရန် စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနက မတ်လ ၃၀ ရက်တွင် အသိပေးစာတစ်စောင်ထုတ်ပြန်ခဲ့သည်။
“နန်းဦးလွင်က ၆၀၀ ကျော်၊ ကန်ကောက်ထဲ တစ်ထောင်ကျော်ပေါ့၊ လွန်ခဲ့တဲ့ နှစ်ရက်လောက်က လာပြီးတိုင်းတာပြီး မလွတ်တဲ့အိမ်တွေကို စာပေးသွားတာ၊ ဓာတ်ကြိုးနဲ့ မလွတ်တဲ့ဟာတွေကို ၄ ရက်နေ့ အပြီးဖယ်ပေးရမယ်လို့ ပြောသွားတာ”ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
လက်တလော ဖယ်ရှားခံရသည့်အိမ်ခြေများ မည်သည့်အခြေအနေရှိကြောင်းကို အခြားဒေသခံတစ်ဦးကို ထပ်မံမေးမြန်းကြည့်ရာ “လျော်ကြေးကိစ္စဘာညာတော့ မပြောသွားဘူး။ ဒီနေ့တော့ အစည်းအဝေးခေါ်ထားတယ်ကြားတယ်၊ ဘာတွေပြောကြမယ်မှန်းတော့မသိဘူး။ လုံခြုံရေအရ သိပ်လည်းမပြောချင်ဘူး” ဟု ဆိုသည်။
အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးတွင် မီးရထားဌာနပိုင်မြေ၊ လျှပ်စစ်တာဝါတိုင် နယ်နိမိတ်၊ ဆည်မြောင်းမြေ နယ်နမိတ်နှင့် လမ်းနယ်နိမိတ်ကို ကျူးကျော်ခြင်းစသည့် အကြောင်းပြချက်များဖြင့် နေအိမ်ဖျက်ဆီး ဖယ်ရှားခြင်းများကို စစ်ကောင်စီက ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“မန္တလေးမြို့မှာ အဖျက်ခံရတာ နည်းတာမှမဟုတ်တာ၊ အဲ့ဒါတွေက ပွဲစားနဲ့ နဂိုမြေပိုင်ရှင်တွေ ခေါင်းရိုက်လုပ်စားကြလို့ ဖြစ်ရတာ၊ အမှန်ဆို နဂိုကတည်းက ဒါကယာမြေ၊ ကျူးမြေ ဝယ်မှာလား မြေပုံထဲမပါဘူးဆိုပြီး ပြောရမှာ၊ အဲ့ဒီလိုပြောတဲ့ ပွဲစားကတစ်ယောက်မှမရှိဘူး။ အခုတော့ ဒီလိုတွေ ဖြစ်တာပေါ့” ဟု မန္တလေးမြို့ခံတစ်ဦးက မှတ်ချက်ပြုပြောသည်။
လက်ရှိတွင် မဟာဓာတ်အားလိုင်းနှင့် မလွတ်သည့် အိမ်ခြေ တစ်ထောင်ကျော်ကို ဧပြီလ ၄ ရက်တွင် အပြီးတိုင် ဖယ်ရှားခြင်းမပြုပါက တည်ဆဲဥပဒေများနှင့်အညီ ဖယ်ရှားရှင်းလင်းသွားမည်ဖြစ်ကြောင်း အသိပေးစာတွင် ဖော်ပြထားသည်။