တနင်္သာရီတိုင်း၊ ထား၀ယ်မြို့နယ်၊ ရေး-ထား၀ယ်ကားလမ်းမပေါ်တွင် အမတ (၃၀၂) တပ်ရင်းသို့ အင်အားဖြည့်တင်းရန်လာသော စစ်ကောင်စီကားနှစ်စီးကို တော်လှန်ရေးတပ်ဖွဲ့များက စောင့်ကြိုတိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်သား အယောက် ၄၀ ခန့် ထိခိုက်ဒဏ်ရာရရှိကြောင်း ဗထူးတပ်မတော်ကသတင်းထုတ်ပြန်သည်။
ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့မှ ဇဟာကျေးရွာရှိ အမတ (၃၀၂) အမြှောက်တပ်ရင်းသို့ အင်အားဖြည့်တင်းရန်လာသော မြေသယ်ကားနှစ်စီးကို မတ်လ ၃၁ ရက်၊ နံနက်ပိုင်းတွင် ပစ်ခတ်တိုက်ခိုက်ရာ ကားတစ်စီးတိမ်းမှောက်ခဲ့ပြီး ကားပေါ်တွင်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၂၀ ထက်မနည်း သေဆုံးခဲ့ကြောင်း ဗထူးတပ်မတော် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုထက်မြက်ကပြောသည်။
“ တစ်စီးကို ၄၀ လောက်ရှိတယ်၊ နှစ်စီးလုံးဆိုတော့ ၈၀ ၀န်းကျင်ပါမယ်ဗျ၊ နောက်ကားကမှောက်သွားတာ၊ကားပေါ်ပါတဲ့သူအကုန်ထိကုန်တယ်၊ ပစ်ခတ်မှုပြီးတော့ သေတဲ့သူတွေနဲ့ ဒဏ်ရာရတဲ့သူတွေကို ကားနှစ်စီးနဲ့သယ်ပြီး အမြောက်တပ်ကိုခေါ်သွားတယ်” ဟု၎င်းကရှင်းပြသည်။
ထို့နောက် စစ်ကောင်စီကားတစ်စီးပြန်လှည့်လာကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း တိုက်ပွဲတွင်ပါဝင်ခဲ့သည့် ရဲဘော်တစ်ဦးက ဆက်လက်ပြောသည်။
“ ကျွန်တော်တို့က လက်နက်ငယ်ရယ်၊ ၄၀ မမရယ်၊ ဒရုန်းနဲ့ဗုံးသီး ၃ လုံးကြဲတယ်၊ သူတို့(စစ်ကောင်စီ)က ကားကိုသယ်မသွားတော့ ဒီနေ့မနက်ပဲ မီးရှို့ဖျက်ဆီးလိုက်တယ်” ဟု ၎င်းကဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို ဗထူးတပ်မတော်(BHA) နှင့် KNLA တပ်မဟာ (၆)၊တပ်ရင်း (၂၇)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် စစ်ဆင်ရေးအရှိန်တိုးမြှင့်မည်ဖြစ်ကြောင်း ၎င်းတို့ထုတ်ပြန်ချက်တွင်ထည့်သွင်းဖော်ပြထားသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နို၀င်ဘာ ၁၅ ရက်ကလည်း ရေး-ထား၀ယ် ကားလမ်းမပေါ်တွင် ပြည်သူများကိုစစ်ဆေးနေသော စစ်ကောင်စီလက်အောက်ခံတပ်သားနှင့်ရဲများကို တော်လှန်ရေးတပ်ဖွဲ့များ ကပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးနှင့် ရဲ ၂ ဦးသေဆုံးခဲ့ကြောင်းသိရသည်။