ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်အတွင်းရှိ ဂျန်မိုင်ကျေးရွာကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယနေ့ နံနက် ၁ နာရီခွဲအချိန်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သဖြင့် အရပ်သားငါးဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ဗန်းမော် – လွယ်ဂျယ်လမ်းပိုင်း၊ တရုတ်နယ်စပ် ကုန်သွယ်ရေးဇုန်အနီး၊ စစ်ကောင်စီတပ်၏ စိန်လုံဗျူဟာကုန်းစခန်းသိမ်းတိုက်ပွဲ ဖြစ်ပွားနေခြင်းကြောင့် လွယ်ဂျယ်မြို့မှ စစ်ဘေးရှောင်လာသည့် ပြည်သူများရှိရာနေရာသို့ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“ ဂျန်မိုင်ရွာက လွယ်ဂျယ်နဲ့ အင်ဘာပါရွာကြားမှာ ရှိတာ၊ လမ်းမပေါ်မှာဆို ကျင်းကြီးဖြစ်သွားတာ။ ဒီမနက် ၁ နာရီခွဲမှာ ဗုံးကြဲတာ၊ ကားသမားရော ငါးဦးသေတယ်၊ သုံးဦးဒဏ်ရာရတယ်။ ကားတွေလည်းပျက်စီး၊ နေအိမ်တစ်လုံးလည်း ပျက်စီးသွားတယ်” ဟု ဒေသခံတစ်ဦးက MPA ကို ပြောသည်။
စစ်ကောင်စီက လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် သေဆုံးသူများမှာ တပ်မိသားစုဝင်များဖြစ်သည်ဟု သတင်းများထွက်ပေါ်နေသော်လည်း MPA အနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိသည်။
“ လွယ်ဂျယ်ကနေ တချို့က မိုင်ဂျာယန်ကို ရှောင်ကြတယ်၊ တချို့ကတော့ အင်ဘာပါရွာဘက်ကို ရှောင်ကြတယ်” ဟု စစ်ရှောင်အမျိုးသားတစ်ဦးက ဆိုသည်။
လက်ရှိတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)က လွယ်ဂျယ်မြို့အနီးရှိ စိန်လုံနှင့် ယောယုံဗျူဟာကုန်းအပါအဝင် စစ်ကောင်စီတပ်စခန်းအားလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး၊ စစ်ကောင်စီတပ်ကလည်း လွယ်ဂျယ်အနီးတဝိုက်သို့ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများက ဆိုသည်။
နှစ်ပေါင်း ၆၀ ကျော်ကြာအထိုင်ချတပ်စွဲထားသော ဗန်းမော် – လွယ်ဂျယ်လမ်းပိုင်းပေါ်ရှိ စစ်ကောင်စီ စိန်လုံဗျူဟာကုန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ယနေ့ နံနက်ပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့သည်။