ဧရာဝတီတိုင်း၊ ဖျာပုံအကျဥ်းထောင်အတွင်း မတ်လ ၃၁ ရက်၊ ညနေပိုင်းက အကျဥ်းထောင်တွင်း ထောင်အာဏာပိုင်များနှင့် အကျဥ်းသားများအကြားပဋိပက္ခဖြစ်ပွားပြီး ထောင်အာဏာပိုင်များက သေနတ်ပစ်ဖောက်ဖြိုခွင်းခဲ့မှုကြောင့် အကျဥ်းသားအချို့ထိခိုက်မှုရှိခဲ့ကြောင်း ဖျာပုံထောင်နှင့်နီးစပ်သည့်သတင်းရင်းမြစ်များထံမှ သိရသည်။
ယမန်နေ့ ညနေပိုင်း ၄ နာရီဝန်းကျင်တွင် ဖျာပုံထောင်အတွင်းရှိ အကျဥ်းသားအချို့က ထောင်တံခါးမကြီးအားစီးနင်းရန်ကြိုးစားခဲ့ကြသဖြင့် စစ်ကောင်စီတပ် နှင့် ရဲများက သေနတ်ပစ်ဖောက်ကာဖြိုခွင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“ ထောင်တံခါးမကြီးကို စီးဖို့ကြိုးစားကြတာ၊ထောင်မှူးနှစ်ပွင့် နဲ့ ထောင်မှူးလေး တစ်ပွင့်ကိုလဲ ကြိုးနဲ့တုပ် ဓားထောက်ပြီး ဓားစာခံလုပ်တယ်ကြားတယ်၊ ဘာကြောင့်လဲဆိုတာသေသေချာချာမသိရဘူး။ ဒါပေမယ့် အရင်တုန်းကတော့ထောင်မှူး နှစ်ပွင့်နဲ့နိုင်ကျဥ်းတွေနဲ့က ပြဿနာတွေရှိခဲ့ဖူးတယ်၊ သေနတ်ပစ်တယ်လို့လဲပြောတယ်အခုက ထောင်ထဲမှာစစ်တပ်ရော၊ ရဲရောဝိုင်းထားပြီး အခုလဲညွှန်ကြားရေးမှူးရောက်နေပြီး ဆူပူမှုမှာပါတဲ့လူတွေကိုစစ်နေတယ်ပြောတယ်” ဟု အကျဥ်းထောင်နဲ့နီးစပ်သည့်သတင်းရင်းမြစ်ကဆိုသည်။
အဆိုပါ အကျဥ်းထောင်ဆူပူမှုအတွင်းထောင်အာဏာပိုင်များအပါအဝင်၊ စစ်တပ်နှင့်ရဲများ၏ ပစ်ခတ်နှိမ်နင်းမှုကြောင့် နိုင်ငံရေးအကျဥ်းသားများအပါအဝင် အကျဥ်းသား ၁၇ ဦးထက်မနည်းထိခိုက်မှုရှိခဲ့ကြောင်းသိရသည်။
“ အဲ့ဒီ ၁၇ ဦးကလဲ အသေးစိတ်မသိရှိသေးဘူး။ အခုကစစ်တပ်ရော၊ ရဲရောက မထွက်သေးဘူးဆိုတာသိရတယ်၊ အဲ့ဒါက ကနဦးလှမ်းပို့လိုက်တာပေါ့နော် စာရင်းဇယားကတော့ အသေးစိတ်မရသေးဘူး၊ နည်းနည်းပိုတာလိုတာလေးတွေရှိနိုင်တယ်။ အခုက ထောင်ကပိတ်ချလိုက်ပြီ အဆက်အသွယ်တော့တော်တော်လေးခက်ခဲသွားမယ်ဗျ” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ရှိတာဝန်ရှိသူတစ်ဦးဖြစ်သည့် ကိုသိုက်ထွန်းဦးကဆိုသည်။
ထိုသို့ထောင်တွင်းဆူပူမှုဖြစ်သည့် အကြောင်းအရင်းကို မသိရသေးဘဲ လက်ရှိတွင်ထောင်အာဏာပိုင်များက ထောင်အားပိတ်ချကာ ထောင်ဝင်စာပို့မှုများကိုလည်း ပိတ်ပင်ထားကြောင်းသိရသည်။