မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ကြာကန်ရွာအနီးတွင် PDF နှင့် ထိတွေ့တိုက်ပွဲဖြစ်သော စစ်ကောင်စီစစ်ကြောင်း ပြန်လည်ဆုတ်ခွာပြေးခဲ့ရာ စစ်လက်နက်ပစ္စည်းတချို့သိမ်းဆည်းရရှိခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် – ၄တပ်ရင်း ထံကသိရသည်။
မတ်လ ၃၁ရက်၊ နံနက် ၇နာရီခွဲဝန်းကျင်က နွားထိုးကြီးမြို့နယ်၊ ကြာကန်ရွာအနီးတွင် အင်အား ၁၀၀ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ ၃နာရီကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကြောင်းပြန်ဆုတ်သွားကာ စစ်လက်နက်ပစ္စည်းတချို့လည်း သိမ်းဆည်းရရှိခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၄တပ်ရင်း (Natogyi People Defence Force) အဖွဲ့ကဆိုသည်။
“ ပထမတရက်က မင်းရွာမှာ တပ်စွဲပြီးတော့ မနက် ၅နာရီခွဲ၊ ၆နာရီ(မတ်လ၃၁ရက်နံနက်)ဝန်းကျင်မှာ စစ်ကြောင်းစထွက်လာတယ်။ စစ်ကြောင်း ၃ကြောင်းခွဲထွက်လာတယ်။ ကျနော်တို့နဲ့ ထိတွေ့တိုက်ပွဲစဖြစ်တာကတော့ မင်းရွာအရှေ့ဘက် ကြာကန်ရွာနဲ့ ကြားထဲလောက်မှာ တိုက်ပွဲဖြစ်တာပါ” ဟု မြင်းခြံခရိုင်အမှတ် ၄တပ်ရင်း (Natogyi People Defence Force)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
စစ်ကောင်စီတပ်ထံက ကျည်ဆန်၊ ကျည်ဘောက်နှင့် အသုံးအဆောင်ပစ္စည်းတချို့သိမ်းဆည်းရရှိခဲ့ကြောင်း ၎င်းကပြောသည်။
ယင်းထိတွေ့တိုက်ပွဲတွင် စစ်သားတို့ အထိအခိုက်များပြားသဖြင့် စစ်ကြောင်းပြန်လည်ဆုတ်ခွာသွားခြင်းဖြစ်ကာ ကြာကန်ရွာမှ ပြည်သူ ၄၀ကျော်ကိုလည်း ဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ၎င်းကပြောသည်။
“ သိမ်းဆည်းရမိတဲ့ပစ္စည်းစာရင်းတော့မရသေးဘူး။ ထိခိုက်သေဆုံးကလည်း ခုမှစုံစမ်းတုန်းပါ” ဟု ၎င်းကဆက်လက်ပြောသည်။
မတ်လ ၃၁ရက်၊ ညနေ ၆နာရီဝန်းကျင်တွင် လျှော်ဖြူမြောက်ရွာသို့ရောက်ရှိနေသော ယင်းစစ်ကြောင်းကို ဒရုန်းဖြင့် လိုက်လံတိုက်ခိုက်ခဲ့ကြောင်း တိုက်ပွဲဝင်ရဲဘော်တစ်ဦးကပြောသည်။
“ ခုချိန်ထိ ကျနော်တို့ ဒရုန်းနဲ့လိုက်ချနေတုန်းရှိပါသေးတယ်” ဟု ၎င်းကမတ်လ၃၁ရက် ညတွင်ပြောသည်။
ယင်းတိုက်ခိုက်မှုများကို မြင်းခြံခရိုင်အမှတ် ၄တပ်ရင်း (Natogyi People Defence Force)၊ နွားထိုးကြီးမြို့နယ်ပကဖနှင့် ဗိုလ်စားပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDF ရဲဘော်များအထိအခိုက်မရှိကြောင်းသိရသည်။