ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ KIA တပ်မဟာ ၃ နယ်မြေ၊ ဗန်းမော် – လွယ်ဂျယ်လမ်းပိုင်း၊ တရုတ်နယ်စပ် ကုန်သွယ်ရေးဇုန်အနီး၊ စစ်ကောင်စီတပ်၏ စိန်လုံဗျူဟာကုန်းအနီးရှိ တပ်စခန်းနှစ်ခုကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ထပ်မံသိမ်းပိုက်ရရှိခဲ့ပြီး စိန်လုံဗျူဟာကုန်းကို ဆက်လက်ထိုးစစ်ဆင်နေကြောင်း မတ် ၃၁ ရက်၊ ညပိုင်းတွင် KIO သတင်းနှင့် ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် မတ် ၃၀ ရက်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)က စိန်လုံဗျူဟာကုန်းအနီးရှိ ဒွမ်ဘော်ဘွမ်၊ လွယ်ယိန်းနှင့် သိန်းယောင်တပ်စခန်းများကို သိမ်းပိုက်နိုင်ခဲ့ပြီး၊ ယမန်နေ့ (မတ် ၃၁ ရက်) တွင် ဗျန်ဝိုင်နှင့် ဝလိုင်းဖျန်ယန်တပ်စခန်းနှစ်ခုကို ထပ်မံ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
“ စိန်လုံဗျူဟာကုန်းက အကြီးဆုံးစခန်းတစ်ခုပါ၊ စိန်လုံစခန်းကိုရရင် စစ်ကောင်စီတပ်တွေ ကင်းရှင်းသွားပြီ။ စစ်ကောင်စီတပ်ဘက်ကလည်း အပြင်းအထန်ကို ခုခံနေတာ” ဟု ဒေသခံတစ်ဦးက MPA ကိုပြောသည်။
အဆိုပါ စိန်လုံဗျူဟာကုန်းနှင့် အနီးတဝိုက်ရှိ တိုက်ပွဲဖြစ်ပွားရာနေရာများသို့ စစ်ကောင်စီတပ်၏ တံတားဦး၊ မြစ်ကြီးနားနှင့် မိထ္တီလာ(ရှမ်းတဲ) လေတပ်မှ Y – 12 နှင့် Y – 8 အမျိုးအစား စစ်ထောက်ပို့လေယာဥ်များ အသုံးပြု၍ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိပြီး၊ မိုးမောက်မြို့နယ် အခြေစိုက် ခလရ ၄၃၇ မှလည်း လက်နက်ကြီးများ ပစ်ကူပေးလျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် တိုက်ပွဲများကြောင့် ဗန်းမော် – လွယ်ဂျယ်လမ်းပိုင်းတွင် ကုန်ကားများနှင့် ခရီးသည်တင်ကားများပိတ်မိလျက်ရှိကြောင်း ဗန်းမော်မြို့ခံကုန်သည်အမျိုးသားတစ်ဦးက ဆိုသည်။
“ တိုက်ပွဲက မတ် ၂၉ ရက်ကတည်းက ပြင်းထန်နေတာ၊ ဗန်းမော် – လွယ်ဂျယ်လမ်းပိုင်းမှာလည်း ဗန်းမော်၊ မိုးမောက်ဘက်ကလာတဲ့ ကုန်တင်ကားတွေ အများကြီး ရာချီပြီးပိတ်မိနေတယ်” ဟု ၎င်းကရှင်ူပြသည်။
ပြီးခဲ့သည့် မတ် ၂၇ ရက်မှစ၍ တရုတ် – မြန်မာနယ်စပ် ကုန်သွယ်ရေးဇုန်အနီးရှိ စစ်ကောင်စီတပ်၏ စကခ ၂၁ ဗျူဟာမှူးထိုင်သည့် ယောယုံဗျူဟာကုန်းအပါအဝင် လော့မွန်၊ ရှန်တိုင်၊ ဘန်ယောင်း၊ ဖလန်းဘွမ်၊ ငါ့ဂရန်၊ ဒွမ်ဘော်ဘွမ်၊ လွယ်ယိန်း၊ သိန်းယောင်၊ ဗျန်ဝိုင်နှင့် ဝလိုင်းဖျန်ယန်တပ်စခန်းများကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)က သိမ်းပိုက်ထားနိုင်ခဲ့သည်။