မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကူးမြို့နယ်၊ ခက်သင်ကျေးရွာကို မတ်လ ၃၁ ရက်၊ နံနက် ၉ နာရီတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
“ ခက်သင်ရွာထဲကို ၈၁ မမ လက်နက်ကြီး သုံးလုံး ပစ်တာ၊ ကလေးနှစ်ယောက်နဲ့ လူကြီးနှစ်ယောက်ထိတာ၊ သုံးနှစ်အရွယ် ကလေးကတော့ စိုးရိမ်ရတယ်။ အခုဟာက စစ်ကောင်စီတပ်က ရွာတွေထဲကို လက်နက်ကြီး ပစ်သွင်းနေတာ” ဟု စဥ့်ကူးမြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက MPA ကို ပြောသည်။
စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် စဥ့်ကူးမြို့နယ်၊ ခက်သင်ကျေးရွာတွင်နေထိုင်သည့် အသက် ၆၀ အရွယ် ဦးမောင်စန်းနှင့် ဦးဇင်းတစ်ပါး၊ ၃ နှစ်အရွယ် နှင့် ၁၀ နှစ်အရွယ် ကလေးငယ်နှစ်ဦးတို့ဖြစ်ကြောင်း သိရသည်။
လက်နက်ကြီးကျည်များ ကျရောက်မှုကြောင့် ခက်သင်ကျေးရွာရှိ ဒေသခံပြည်သူ တစ်ထောင်ခန့်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများကဆိုသည်။
“ ဒီနေ့ (မတ် ၃၁ ရက်)၊ ညနေ ၅ နာရီလောက်မှာလည်း ရွာသစ်ကုန်းရွာဘက်ကို ပစ်ခတ်နေတာ၊ ကျွန်တော်တို့လည်းပြေးနေရတော့ ပျက်စီးမှုကို အတိအကျမသိဘူး။ ရွာသစ်ကုန်းရွာနဲ့ ခက်သင်ရွာနဲ့က ဟိုဘက်ဒီဘက်ပါ” ဟု ခက်သင်ကျေးရွာသားတစ်ဦးက ဆိုသည်။
လက်ရှိတွင် စစ်ကောင်စီတပ်က မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစပ်ရှိ မတ္တရာ၊ ဝက်လက်၊ စဥ့်ကူးနှင့် သပိတ်ကျင်းမြို့နယ်များအတွင်းရှိ ကျေးရွာများကို ဝင်ရောက်ဖျက်ဆီးမှုများပြုလုပ်လျက်ရှိပြီး၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် အရပ်သားသေဆုံးမှုများလည်း ဖြစ်ပေါ်လျက်ရှိသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက်ကလည်း စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် စဥ့်ကူးမြို့နယ်၊ ရွာတော်ကျေးရွာမှ အသက် ၁၄ နှစ်အရွယ်ရှိ ကလေးတစ်ဦး သေဆုံးခဲ့သေးသည်။