ရန်ကုန်အခြေစိုက် Owl Communityနှင့် တော်လှန်ရေးတပ်ဖွဲ့နှစ်ခု တို့ မဟာမိတ်များအဖြစ် ပူးပေါင်းဖွဲ့စည်းလိုက်ကြောင်းသိရသည်။
ယနေ့(မတ်လ၃၀ရက်)နံနက်ပိုင်းတွင် Owl Community၊ Kyimyindaing Networks (KMD18)နှင့် Mayangone Democratic Front (MDF)တို့ မဟာမိတ်စတင်ဖွဲ့စည်းခဲ့ကာ မဟာမိတ်ဖွဲ့စည်းခြင်းအထိမ်းအ မှတ်အဖြစ် ရန်ကုန်မြို့ရှိ လူစည်ကားရာနေရာများ၌ “ လွတ်လပ်ချင်ရင် စွန့်လွှတ်ရဲရမယ်” စာသားပါ ဘန်နာများချိတ်ဆွဲခဲ့ကြောင်း Owl Community ဥက္ကဌ ဂန္ဓမာက ပြောသည်။
“ ဒီနေ့က စတင်တာပါဗျ။ပွဲလုပ်ရင်း မဟာမိတ်စတင်ပူးပေါင်းတာပါ။မရမ်းကုန်းမြို့နယ် နဲ့ အများပြည်သူသွားလာလှုပ်ရှားတဲ့ နေရာတွေမှာ” လွတ်လပ်ချင်ရင် စွန့်လွှတ်ရဲရမယ်” ဆိုတဲ့ စာသားပါ ဘန်နာတွေ ချိတ်ဆွဲခဲ့တာပါ” ဟု ၎င်းက ပြောသည်။
မဟာမိတ်အဖွဲ့သည် လူထုလှုပ်ရှားမှုအမျိုးမျိုးဖြင့် ရန်ကုန်တွင် ပုန်ကန်ကြမည်ဟု Mayangone Democratic Front (MDF)၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ ပူးပေါင်းတာနဲ့ပတ်သက်ပြီး အများကြီးတော့ မပြောချင်ပါဘူး။စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ပတ်သက်ပြီးအဖွဲ့ ၃ဖွဲ့ အနေနဲ့ ပြည်သူလူထုနဲ့ အတူ လူထုလှုပ်ရှားမှု လှိုင်းအမျိုးမျိုးနဲ့ ရန်ကုန်မှာ ပုန်ကန်ပါမယ်” ဟု ၎င်းက ပြောသည်။
ယနေ့ ချိတ်ဆွဲခဲ့သော “ လွတ်လပ်ချင်ရင် စွန့်လွှတ်ရဲရမယ်” စာသားပါ ဘန်နာသည် အဓမ္မစစ်မှုထမ်းဥပဒေကို ရည်ညွှန်းကာ ပြည်သူများအား လှုံ့ဆော်ခြင်းဖြစ်ကြောင်း Owl Community ဥက္ကဌ ဂန္ဓမာက ပြောသည်။
“ လွတ်လပ်တယ် ဆိုတာ တိုင်းပြည်က ထွတ်ခွာသွားလို့မလွတ်မြောက်ပါဘူး။ရပ်ကွက်လူကြီးတွေကို လာဘ်ထိုးပြီးတော့လည်း မလွတ်မြောက်နိုင်ပါဘူး။တကယ်လွတ်မြောက်ခြင်းက စွန့်လွှတ်ခြင်းရှိမှသာ အမှန်တကယ် လွတ်မြောက်တာ ဖြစ်တဲ့အတွက် ပြည်သူလူထုရဲ့ စွန့်လွှတ်မှုဟာ အနာဂတ်ရဲ့ လွတ်လပ်မှုဖြစ်ကြောင်းသတင်းပါးလိုပါတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ရန်ကုန်မြို့၌ စစ်ကောင်စီတပ်က အရပ်ဝတ်ဖြင့် ကင်းပတ်ကာ လုံခြုံရေးတင်းကျပ်ထားသည့်အတွက် ရန်ကုန်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် သတိကြီးကြီးထားနေရကြောင်း MPAက စုံစမ်းသိရသည်။