မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းက ပြည်သူ ၂ဦးကို ဖမ်းဆီးပြီး သေနတ်ဖြင့်ပစ်သတ်ကာကျေးရွာများကို မီးရှို့နေကြောင်း မတ္တရာမြို့နယ် တိုက်နယ် ၆ ရပ်ကျေးပကဖတာဝန်ခံက MPA ကို ပြောသည်။
ယမန်နေ့ ( မတ်လ ၂၉ ရက် )၊ မနက်ပိုင်းက မတ္တရာမြို့ပေါ်မှ အင်အား ၇၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် မတ္တရာမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများသို့ ဝင်ရောက်ကာ ကြိုးကြာကန်ရွာသား ဦးစိုးတင့်နှင့် ကျောက်စရစ်ကုန်းရွာသား ဦးပွကြီးတို့ကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
“ သတ်ခံရတဲ့နှစ်ယောက်က သူတို့စီးပွားရေးပဲ သူတို့လုပ်ပြီး အေးအေးလူလူနေကြတာဗျ၊ အခုတော့ စစ်ကြောင်းဝင်တာနဲ့ တိုးပြီး အသတ်ခံလိုက်ရတာ၊ ဖမ်းခံရတဲ့ပြည်သူတွေရှိတယ်လို့ သိရပေမဲ့ အတည်မပြုနိုင်သေးဘူး။ စစ်ကြောင်းထဲမှာတော့ သာမန်အရပ်ဝတ်တွေတော့ တွေ့ပေမဲ့ ဒီရွာတွေက ဖမ်းခံရတဲ့ပြည်သူတွေလား ၊ ပျူတွေလား မသဲကွဲဘူးဖြစ်နေတယ်” ဟု ရပ်ကျေးပကဖတာဝန်ခံကပြောသည်။
စစ်ကောင်စီက သတ်ခဲ့သူနှစ်ဦးအနက် ကျောက်စရစ်ကုန်းရွာသား ဦးပွကြီး၏ အလောင်းကို သေနတ်ဒဏ်ရာများဖြင့် တွေ့ရှိခဲ့သော်လည်း၊ ကြိုးကြာကန်ရွာသား ဦးစိုးတင့်၏ အလောင်းကို ယနေ့ထိ ပြန်လည်မရရှိသေးသဖြင့် အလောင်းပြန်လည်ရရှိနိုင်ရန် ရပ်ကျေးပကဖများက ရှာဖွေနေကြောင်း ရပ်ကျေးပကဖတာဝန်ခံက ဆက်လက်ရှင်းပြသည်။
ထို့နောက် ယနေ့ ( မတ်လ ၃၀ရက်နေ့ ) နေ့လည်ပိုင်းက ယင်းစစ်ကြောင်းကို စစ်ကောင်စီတပ်သား အင်အား ၃၀ထပ်ပေါင်း၍ အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်း သုံးကြောင်းခွဲကာ မတ္တရာမြို့နယ် အနောက်ခြမ်းကျေးရွာများကို မီးရှိုလျက်ရှိကြောင်း ရပ်ကျေးပကဖတာဝန်ခံကပြောသည်။
“ နေ့လည် ၁နာရီလောက်က ထိန်ပင်စောက်ရွာကို စရှို့တယ်။ ပြီးတော့ မွေထိန်ပင်ရွာကို ရှို့တယ်။ မွေထိန်ပင်ကတော့ တစ်ရွာလုံး ကုန်လောက်ပြီ၊ နောက်ပြီး ၃နှစ်သားကလေးလေးတစ်ယောက်လည်း ကျည်ထိထားတယ်။ ဆေးကုသမှုခံယူနိုင်အောင် စီစဉ်ပေးထားပါတယ်” ဟု ၎င်းကပြောသည်။
ယင်းစစ်ကြောင်းကြောင့် ထိန်ပင်စောက်ရွာ ၊ မွေထိန်ပင်ရွာ အပါအဝင် ကျေးရွာ၁၀ရွာခန့်မှ ပြည်သူများ စစ်ရှောင်နေရကြောင်း အမည်မဖော်လိုသည့် စစ်ရှောင်ပြည်သူတစ်ဦးက ပြောသည်။
“ စစ်ကြောင်းက အများကြီးဆိုတော့ ရှောင်ရတာလည်း များတာပေါ့၊ တော်လှန်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်မဖြစ်တော့မသိဘူး။ သေနတ်သံတွေတော့ တောက်လျှောက်ကြားနေရတယ်။ တဂျိန်းဂျိန်းနဲ့။” ဟု စစ်ရှောင်ပြည်သူတစ်ဦးကပြောသည်။
ယင်းစစ်ကြောင်းသည် မတ္တရာမြို့နယ် အနောက်ခြမ်း ကျေးရွာများကို ဆက်လက် စစ်ကြောင်းထိုးလျက်ရှိရာ ထိန်ပင်စောက်ကျေးရွာ ၊ မွေထိန်ပင်ကျေးရွာတို့၏ ပျက်စီးဆုံးရှုံးမှုအခြေအနေကို သိနိုင်ရန် ခဲယဉ်းကြောင်း မတ္တရာမြို့နယ် တိုက်နယ် ၆ ရပ်ကျေးပကဖတာဝန်ခံက ပြောသည်။
ယင်းစစ်ကြောင်းသည် ယနေ့ (မတ်လ ၃၀ရက်)၊ ညနေပိုင်းတွင် ဥဒိန်ကျေးရွာသို့ ရောက်ရှိနေကာ မီးရှို့ဖျက်ဆီးနေပြီး ဥဒိန်ကျေးရွာ ရေဆိပ်တွင် စစ်ရှောင်နေကြသည့် ပြည်သူများကို ဓားစာခံအဖြစ် ဖမ်းဆီးထားကြောင်း ဒေသခံရင်းမြစ်များထံက သိရသည်။