စစ်ကောင်စီ၏ အဓမ္မစစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကာ ကရင်နီပြည်နယ်သို့ လာရောက်ရန် လူငယ်အများအပြား ဆက်သွယ်လာကြကြောင်း နွေဦးဂုရုလေးများအဖွဲ့ထံက သိရသည်။
ယနေ့ (မတ်လ ၃၀)ညနေ ၅နာရီကျော်အထိ အချက်အလက်များအရ လူငယ်များ ဆက်တိုက်ဆိုသလို ဆက်သွယ်နေကြပြီး လူငယ်၂၀ကျော် ဘေးကင်းလုံခြုံစွာ ရောက်ရှိလာကြပြီ ဖြစ်ကြောင်း သိရသည်။
“ အဓိက စစ်မှုဌာန်းဥပဒေကြောင့် နာမည်စာရင်းထွက်ထားသူတွေ ၊ ဖုန်းဆက်ခံရသူတွေ အားလုံးလာရှောင်ဖို့ ဆက်သွယ်လာကြတာ။ သွားခေါ်ပေးတယ်။ သွားလာ ဆက်သွယ်ရေးတွေ ခက်ခဲတယ်။ကားတွေပျက်တယ်။ ဆီဖိုးတွေကုန်တယ် ။ဒါပေမဲ့ ကျနော်တို့ ကြိုးစားပြီး ခေါ်ပေးနေပါတယ်” ဟု နွေဦးဂုရုလေးများအဖွဲ့ တာဝန်ခံ ကိုတင့်က MPA သို့ ပြောသည်။
လာရောက်တိမ်းရှောင်ကြသူသည့် လူငယ်များမှာ အသက် ၁၇၊၁၈ နှင့် ၂၀ ဝန်းကျင် လူငယ်များ ဖြစ်ပြီး ၎င်းတို့သည်တော်လှန်ရေးတပ်ဖွဲ့များထဲ ဝင်ရောက်လိုသူများ ဖြစ်ကြောင်း သိရသည်။
“ ကျနော်တို့ကတော့ စစ်တပ်ကို အင်အားမဖြစ်စေချင်ဘူး။ ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲပဲ ဖိတ်ချင်တယ်။ လုံးဝ စစ်မှုမထမ်းပေးနိုင်ဘူး။ ဒီဘက်မှာ ပါဝင်နိုင်တဲ့နေရာကနေ ပါဝင်သွားမှာပါ” ဟု စစ်မှုထမ်းရန် နာမည်စာရင်းပေါက်ထားသဖြင့် ရန်ကုန်မှ ကရင်နီဒေသသို့ ရောက်ရှိလာသော လူငယ်တစ်ဦးကပြောသည်။
ကရင်နီပြည်နယ်သို့ ရောက်ရှိလာသော လူငယ်များကို တော်လှန်ရေးတပ်ဖွဲ့များထဲသို့ ဝင်ရန် ရွေးချယ်ခွင့်အနေဖြင့် ၅ ရက် အချိန်ပေးပြီးနောက် ၎င်းတို့ ရွေးချယ်သည့် နေရာများသို့ ပို့ဆောင်ပေးလျက်ရှိကြောင်းသိရသည်။
ကရင်နီပြည်နယ်သို့ လာရောက်ရန် ဆက်သွယ်လာသော လူငယ်အရေအတွက်ကိုမူ လုံခြုံရေးအရ နွေဦးဂုရုလေးများအဖွဲ့က ထုတ်ဖော်ပြောကြားခြင်းမရှိပေ။
တော်လှန်တပ်ဖွဲ့များသို့ ဝင်ရောက်လာသည့်လူငယ်များသည် တိုက်ခိုက်ရေး၊ဆေးကုသရေး၊ ထောက်ပို့ စသည့် လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်နိုင်ကြောင်း သိရသည်။
ကရင်နီပြည်နယ်သို့ လာရောက်လိုသည့် လူငယ်များအနေဖြင့် Nway Oo Gura Lay Myar ၏ Facebook Page သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။