ကရင်နီပြည်နယ်၏ ရာခိုင်နှုန်း၉၀ ခန့်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။
၁၁၁၁စစ်ဆင်ရေးစတင်ပြီးနောက် ယနေ့အချိန်ထိ ကရင်နီပြည်နယ်အတွင်းရှိ မြို့နယ် ၉ခုမှ စခန်းပေါင်း ၆၅ခု ကို သိမ်းထားနိုင်ခဲ့ပြီဖြစ်ကြောင်း ကရင်နီတပ်မတော် (KA)၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ တော်လှန်ရေးတပ်ဖွဲ့တွေဆိုတာက ကရင်နီအခြေစိုက် KNDF၊KAနဲ့ ကလလတအဖွဲ့တွေအပြင် မဟာမိတ်တပ်ဖွဲ့တွေအဖြစ် NUGက PDFတွေ၊KNUနဲ့ တခြားတပ်ဖွဲ့တွေလည်း ပါကြပါတယ်။ အခုလက်ရှိကရင်နီမှာ စစ်တပ်ခြေကုပ်ယူထားတဲ့စခန်းနဲ့ စစ်ဇုန်ပါထည့်တွက်မှ ၁၀ရာခိုင်နှုန်းပဲ သူတို့ကျန်တော့တာပေါ့။ဒီနေ့အထိ စခန်းပေါင်း ၆၅ခု သိမ်းနိုင်ပါပြီ” ဟု ၎င်းက ပြောသည်။
ကရင်နီပြည်နယ်အတွင်းရှိ သံလွင်အရှေ့ခြမ်းဒေသ၊ရှားတောနှင့် မယ်စဲ့မြို့နယ်တို့တွင် စစ်ကောင်စီ တပ်များလုံးဝမရှိတော့ဘဲ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက မြို့အား လုံးဝထိန်းချုပ်ထားကြောင်း ရှားတောမြို့နေ ပြည်သူတစ်ဦးက ပြောသည်။
“ သံလွင်အရှေ့ခြမ်းဒေသနဲ့ မယ်စဲ့နဲ့က အစောထဲက သိမ်းထားတာပါ။ဒီနှစ်ထဲမှာ ရှားတောကို ပါထပ်ရတာပေါ့” ဟု ၎င်းက ပြောသည်။
ကရင်နီပြည်နယ်အတွင်းရှိ မယ်စဲ့၊ရှားတော၊မော်ချီး၊ဒီမောဆိုး၊နန်းမယ်ခုံ၊ရွာသစ်နှင့် မိုးဗြဲမြို့နယ်တို့ကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ယနေ့အချိန်အထိထိန်းချုပ်ထားနိုင်ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ လွိုင်ကော်ကိုတော့ မြို့တစ်ဝက်နီးပါးထိန်းချုပ်ထားနိုင်ပေမယ့် ဒီနေ့အထိ တိုက်ပွဲတွေရှိနေဆဲဆိုတော့ ပြောဖို့စောပါသေးတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်က ကရင်နီပြည်နယ်အခြေစိုက် စစ်စခန်း ၁၁ခုမှ ဆုတ်ခွာ၍ အခြေစိုက်တပ်ရင်းများအတွင်းသို့ အင်အားပေါင်းကာ တပ်ရင်းအတွင်း ခံစစ်များတိုးချဲ့ဖွဲ့စည်းနေကြောင်း သိရသည်။