ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ စစ်ကောင်စီ၏ စစ်သားစုဆောင်းရေးတပ်၊ အင်းစိန် ဦးပိုင်ယာဉ်ရပ်နားစခန်းနှင့် မင်္ဂလာဒုံလေတပ်အိမ်ရာဝင်းတို့ကို ယမန်နေ့(မတ် ၂၉ရက်)၊ ညပိုင်းတွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးမှုများရှိနိုင်ကြောင်း DarkShadow တပ်ဖွဲ့၏ တာဝန်ရှိသူက MPA ကို ပြောသည်။
ယမန်နေ့၊ မတ်လ ၂၉ ရက်နေ့၊ ည ၈ နာရီ တွင် မင်္ဂလာဒုံလေတပ်ဝင်းနှင့် ည ၈ နာရီ ၁၀ မီနစ်တွင် အောက်မင်္ဂလာဒုံလမ်းမကြီး၊ ခရေပင်လမ်း၊ ဒညင်းကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်ရှိ စုဆောင်းရေးတပ်နှင့် အင်းစိန် ဦးပိုင်ယာဉ်ရပ်နားစခန်းတို့ကို ပြင်းအားမြင့် ဗုံး ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။
“ Scout news တွေကရော ပြည်သူတွေကရော ပြောကြားချက်အရ အထိအခိုက်ရှိတယ်။ လေတပ်ဝန်းက ကောင်တွေ ထိတယ်လို့ပြောတယ်။ လူနာတင်ကားလာတယ်။ အတိကျတော့ မသိရဘူး။ ကျန်တဲ့ နေရာတွေကတော့ ပစ္စည်းအထိအခိုက်ပဲရှိတယ်လို့ သိရပါတယ်။ မစ်ရှင်ကတဲ့ ရဲဘော်ရော ပြောတဲ့အတွက် အတည်ပြုနိုင်ပါတယ်။ ” ဟု DarkShadow တပ်ဖွဲ့၏ တာဝန်ရှိသူက ရှင်းပြသည်။
ထိုသို့ ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်များမှ အင်အားအများအပြားဖြင့် ပေါက်ကွဲမှုအနီး သွားလာနေသည့် ကား၊ ဆိုင်ကယ်နှင့် လူများကို စစ်ဆေးမှုများ တင်းကျပ်စွာ ပြုလုပ်ခဲ့ကြောင်းလည်း သိရှိရသည်။
“ ဗုံးသံကတော့ အတော်အောင်တယ်။ ဗုံးပေါက်ပြီး သူတို့ (စကစ) စစ်ဆေးတာတွေ လုပ်တယ်။ ဖောက်ခွဲတဲ့ နေရာ ၃ ခုက နီးပါတယ်။ လမ်း ၁ ခုတည်းမှာဘဲ၊ နောက်ပြီး အဲ့ဒီယာဥ်ရပ်နားစခန်းကို အရင်တခါလည်း ၄၀မမ နဲ့ပစ်ကြသေးတယ်” ဟု အင်းစိန်မြို့နယ်ရှိ သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
ထို့အပြင် အင်းစိန်မြို့နယ်အတွင်းရှိ မြောက်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနအား ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့များဖြစ်သော AFF ၊ RUF ၊ FLA အဖွဲ့တို့ ပူးပေါင်းကာ ယမန်နေ့၊ ညပိုင်းတွင်ပင် ဗုံးဖောက်ခွဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
ပြီးခဲ့သည့် မတ်လ ၁၂ ရက်နေ့တွင်လည်း အင်းစိန်မြို့နယ်ရှိ စစ်ကောင်စီ၏ လေတပ်အရာရှိလိုင်းခန်းဂိတ်နှင့် စော်ဘွားကြီးကုန်းအုပ်ချူပ်ရေးမှူးရုံးတို့အား DarkShadow တပ်ဖွဲ့မှ အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သေးသည်။