စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်း အရေးပေါ် ဆေးကုသရန် လိုအပ်နေသောမီးဖွားပြီးစ အမျိုးသမီးတစ်ဦးမှာ စစ်ကြောင်း ဝင်ရောက်လာသဖြင့် ဆေးရုံသို့ အချိန်မီမရောက်ဘဲ သေဆုံးသွားကြောင်းသိရသည်။
မတ်လ ၂၉ ရက်၊ နံနက် ၁၀ နာရီဝန်းကျင်တွင် ဆားလင်းကြီးမြို့နယ်၊ကံကုန်းရွာသူ မီးနေသည် မသီတာအေး(၃၂နှစ်)မှာ သွေးသွန်နေသဖြင့် ဆေးရုံသို့ပို့ဆောင်ရန်ပြင်ဆင်နေစဥ် သံပြာကာစစ်ကား ၂ စီးရောက်ရှိလာကြောင်း ထို့ကြောင့် ဒေသခံများ ဘေးလွတ်ရာထွက်ပြေးကြရပြီး လမ်းလည်း ပိတ်နေ၍ အချိန်မီဆေးရုံသို့မရောက်ရှိဘဲ သေဆုံးခဲ့ခြင်းဖြစ်ကြောင်းဒေသခံအချို့ထံကသိရသည်။
“ဒီကလေးမ(မသီတာအေး)က မနက် ၂ နာရီမှာ စပြီးမွေးတာ။သွေးသွန်နေတာ များတယ်။အားလည်းမရှိတော့ဘူး။ဆရာမ(သူနာပြု)တွေကလည်း စစ်ရှောင်တွေဘက်မှာဆိုတော့ သွားရေးလာရေးက အချိန်အရ အဆင်မပြေဘူးလေ။ဒါပေမဲ့ ဆရာမ တစ်ဦးလာပါတယ်။သူလည်း လုပ်စရာရှိတာလုပ်ပေးပြီး ချင်းတွင်းမြစ်ကမ်းဘေးကို ကျနော်တို့သယ်သွားတယ်။မုံရွာဆေးရုံပို့ဖို့ပါ။ အဲ့အချိန် စစ်ကား ၂ စီးကလည်း နောက်မှာ ရောက်နေပြီ။လူတွေကလည်း ပြေးကြလွှားကြနဲ့ဆိုတော့ ကျနော်တို့လည်း လုပ်ရကိုင်ရတာခက်ခဲတာပေါ့။Ambulance ပေါ်တင်ပြီး မကြာဘူး၊ ဆုံးပါးသွားတာ”ဟု ဒေသခံ လူမှုကူညီရေးသမား တစ်ဦး ကပြောသည်။
သေဆုံးသွားသည့် မသီတာအေး၏မိသားစုမှာ ဆင်းရဲနွမ်းပါးပြီး ၄ နှစ်သားအရွယ် ကလေးငယ် ၁ ဦးနှင့်မွေးကင်းစ ကလေးငယ် ၁ ဦးတို့ကျန်ရစ်ခဲ့ကြောင်းသိရသည်။
ယင်း စစ်သားများသည် ကံကုန်းကျေးရွာနှင့်အေးကုန်းကျေးရွာတို့ရှိ ဘုန်းကြီးကျောင်းတွင် ယနေ့(မတ်၃၀ရက်)အထိတပ်စွဲထားကြောင်းသိရသည်။
“ကံကုန်းကို ကား ၂ စီးအရင်ဝင်တယ်။ပြီးမှ ၁ စီးက ကံကုန်းနဲ့ကပ်လျက် အေးကုန်းကို ဝင်သွားတာ။ စစ်ကား ၂ စီးဝင်လာလို့ ပြေးရတာက ကံကုန်းက ပြည်သူအကုန်ပြေးရတာ။အေးကုန်း မှာ ပြေးရတာ က ယောကျ်ားလေးတွေလောက်ပဲပြေးရတာ။စစ်သားတွေက ဘာမှတော့ ခုထိ မလုပ်ဘူး။သူတို့က နယ်မြေရှင်းလင်းရေးလုပ်တာလို့တော့ ပြည်သူတွေကို ပြောတယ်။ကံကုန်းရွာကို ဘယ်သူမှ ပြန်မဝင်ကြသေးဘူး ”ဟု ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်း မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
မသီတာအေး၏ ရုပ်အလောင်းကို မတ်လ၂၉ရက်တွင်ပင် သင်င်္ဂြိုလ်ပြီးစီးခဲ့ကြောင်းသိရသည်။