ပဲခူးတိုင်း၊ စစ်တောင်းမြစ် အနောက်ခြမ်း၊ ရေတာရှည်မြို့နယ်တွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်က ဒေသခံကိုကြားခံထားကာ လုံခြုံရေးနှင့် ကုန်စည်ကူးသန်းရေးနှင့်ပတ်သက်ပြီး PDF နှင့် ဆွေးနွေးလာကြောင်း သိရသည်။
မတ်လ ၂၈ရက်၊ နံနက်၁၀နာရီခန့်တွင် စစ်တပ်အခြေစိုက် ကူးတို့ဆိပ်ဂိတ် တာဝန်ခံ ဗိုလ်ရဲထွဋ်က ကြားခံလူလွှတ်ကာ လာဆွေးနွေးခြင်းဖြစ်ကြောင်းသိရသည်။
“ လက်ရှိက ခဏခဏသွားပစ်တယ်။ပြည်သူကို မျက်နှာမူတာမှ မဟုတ်တာ၊ ခုတုံးလုပ်တာလို့ မြင်တယ်။သူတို့ ဘတ်ဂျက်မရှိတာလည်း ပါမှာပေါ့။စားဝတ်နေရေးနဲ့ သူတို့ သတင်းနှိုက်ယူဖို့ ဖြစ်မယ်။ ပြည်သူကိုထိရင် ပစ်မှာ လက်ခံတယ်လို့တော့ မဟုတ်ဘူး” ဟု ရေတာရှည်အခြေစိုက် တောင်ပိုင်းတိုင်းခရိုင် အမှတ် ၃၅၀၂ ၏ တပ်ခွဲ (၂) ကီးကူစစ်ကြောင်း၏ တပ်စိတ်မှူးဖြစ်သူ ရဲဘော် ဝိခုန်းက MPA သို့ပြောသည်။
စစ်ကောင်စီတပ်သည် စစ်တောင်းမြစ်အနောက်ခြမ်းတွင် အထိုင်ချတပ်စွဲထားပြီး ငှက်ပျောတောဂိတ်နှင့် ဂတို့ဆိပ်တို့ကို ထိန်းချုပ်ထားကာ ယင်းဂိတ်များက ပြည်သူတစ်ဦးလျှင် ဆန် ၄ပြည် နှင့်ဆီ ၁ပိဿာသာ သယ်ဆောင်ခွင့်ပြုထားသည်။
ယင်းဂိတ်များမှ လူတစ်ဦးလျှင် တစ်ရက် တစ်ခေါက်သာ ဖြတ်သန်းခွင့်ပြုထားပြီး သယ်ယူခွင့်ပိတ်ပင်ထားသည့် ပစ္စည်းများမှာ ဓါတ်ဆီ ၊ဒီဇယ်နှင့် ဓာတ်မြေဩဇာတို့ကို သယ်ယူခွင့် ပိတ်ထားကြောင်း ဒေသခံအချို့ထံကသည်။
“ ဒေသခံတွေကို ထိုးတာကြိတ်တာတွေ လုပ်လေ့ရှိတယ်။ကုန်ကူးတာ ပိုက်ဆံတောင်းတယ်။ဆိုင်ကယ်တွေနဲ့ပဲ သယ်နေရတဲ့ အနေအထားပါ။ပိုက်ဆံတောင်းတယ်။တစ်ခါတလေ ပြည်သူတွေကို အနိုင်ကျင့်ပြီး ဂိတ်ကနေ ပေးမထွက်တာမျိုးတွေ ရှိတယ်” ဟု ရေတာရှည်ဒေသခံ ကိုအောင်ကိုဦးက ပြောသည်။
စစ်တပ်က ကြားခံလူဖြင့် လာရောက်ညှိနှိုင်းသည့် အချက်များမှာ ကန့်သတ်ပစ္စည်းများကို တားဆီးခြင်း၊ လုံခြုံရေးအတွက် စစ်ဆေးခြင်းနှင့်သယ်သူသည့်ပစ္စည်းများအပေါ် အခွန်ဆောင်စေခြင်းကိစ္စတို့ ဖြစ်ကြောင်း သိရသည်။
အဆိုပါဆွေးနွေးမှုနှင့် ပတ်သက်၍ တာဝန်ရှိသူ ဗိုလ်ရဲထွဋ်ထံသို့ MPA က ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ ဆက်သွယ်၍ မရခဲ့ပေ။
“ တိုက်ရိုက်တွေ့တာမဟုတ်ဘဲ ကြားခံလူနဲ့ ညှိတာ။ ပြည်သူကိုမျက်နှာမမူဘဲ ထိခိုက်အောင် လုပ်ရင်တော့ ဆော်မှာပဲ။ အခုလက်ရှိတော့ အဆင်ပြေနေသေးတယ်” ဟု ရဲဘော် ဝိခုန်းက ပြောသည်။
စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ ရေတာရှည်မြို့ ကို လက်ရှိအချိန်ထိ စစ်ကောင်စီတပ်က ထိန်းချုပ်ထားပြီး မြစ်ကို ကူးသန်းသွားလာ၍ ရိက္ခာအတွက် ကုန်စည်သယ်ဆောင်ကာ ကျေးရွာပေါင်း ၃၀ကျော်က ရပ်တည်နေရသည်။